2ကိုကိုလေး/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်

ဧရာဝတီတ်ိုင်း၊မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ်အတွင်းရှ်ိ ကျေးရွာအချို့တွင် စစ်ကောင်စီနဲ့အုပ်ချုပ်ရေးမှူးများ ပူးပေါင်ကာ လောင်းကစားဝိုင်းများ တွင်တွင်ကျယ်ကျယ် ပြုလုပ်လျှက်ရှိနေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ လောင်းကစားဝိုင်း ၂ ရက်လျှင် စခန်းမှူးကို နှစ်သိန်းကျပ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခုနှစ်သောင်းနှင့် တစ်သိန်းအကြား ပေးဆောင်ရပြီး သခွပ်ကွင်း အုပ်ချုပ်ရေးမှူးဆိုသူက လာရောက်သတင်းပေးတိုင်းကြားသည့် ဒေသခံများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“လောင်းကစားဝိုင်းတွေကကြာပြီ လုပ်နေကြတာ စစ်ကောင်စီနဲ့အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးလုပ်ကြတာ။အဓိက နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့တွေက ခေါင်းဆောင်းပြီးလုပ်ပေးတယ်။ ဒါတွေပေါလာလို့ သူခိုးတွေလဲ ခုဆိုပေါလာတယ်။ သူတို့က တိုင်ရင်တောင်မဖမ်းဘူးတဲ့ တိုင်တဲ့သူတောင် ပြန်ဖမ်းမယ်ပြောနေတယ်” ဟု သခွပ်ကွင်း ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် အဆိုပါလောင်းကစားဝိုင်းများ ပြုလုပ်လျှက်ရှိသည့် ကျေးရွာများမှာ အင်ပင်တိုက်နယ် အတွင်းရှိ သခွပ်ကွင်း၊ တောကျွဲလူး၊ ငါးသိုင်းအင်း၊အင်ပင်ကြည်သာအေးဘုရား၊ငှက်ကြီးကွင်း၊လက်ပံကွင်း၊ ရွာသစ်ကုန်း စသည့် ကျေးရွာများဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၆ လလောက်အကြာမှာ ဧရာဝတီတိုင်းထဲက မြို့နယ်တော်တော်များများမှာ လောင်းကစားဝိုင်းတွေကို အခကြေးငွေယူပြီး တရားဝင်ပုံစံမျိုးခွင့်ပြုပေးထားကြောင်း ဒေသခံများထံမှ သိရသည်။