ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မူဆယ်) ဩဂုတ်လ ၁ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယနေ့ (ဩဂုတ်လ ၁ ရက်) နေ့၊ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က မူဆယ်မြို့၊ မြို့မရဲစခန်းရှေ့အပါအဝင် မြို့တွင်းနေ့ရာ ၄ ခုတွင် ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မူဆယ်မြို့တွင်း၌ ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် မူဆယ်မြို့မရဲစခန်းရှေှုတွင် နောက်ဆုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ဗုံးပေါက်ပြီးနောက် မြို့မရဲစခန်းရှေ့တွင် သေနတ်ပစ်ခတ်မှုများ၊ သေနတ်သံများလည်း ကြားရကြောင်း မူဆယ်မြို့ခံများထံက သိရသည်။
“ည ၉ နာရီ၊ ၄၅ မိနစ်ခန့်မှာ ပေါက်ကွဲမှု ၄ ကြိမ်ဆက်တိုက် ကြားရတယ်။ ညဘက်မှာ ပေါက်ကွဲတာဆိုတော့ နေရာအတိအကျတော့ မသိရသေးဘူး။ ထိခိုက်မှုအခြေအနေလည်း မသိရသေးဘူး။ နောက်ဆုံးပေါက်ကွဲမှုက မြို့မရဲစခန်းရှေ့မှာ ပေါက်ကွဲသွားတာ။ ရဲစခန်းရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲစခန်းဝန်းထဲမှာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်”ဟု မူဆယ်မြို့၊ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့၊ နံနက်(၁၁)နာရီခွဲအချိန်ခန့်ကလည်း မူဆယ်မြို့၊ နာရီစင်အနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် ဈေးဝယ်ယူနေသော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ယာဉ်ထိန်းရဲ ၁ ဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
မူဆယ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ နယ်မြေခံပြည်သူ့စစ်တပ်ဖွဲ့များနှင် နယ်မြေခံရဲတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းတွင် မြို့တွင်း၌ လုံခြုံရေးတင်းကြပ်စွာ အုပ်စုအလိုက်ကင်းလှည့်မှုများ ဆောင်ရွက်နေပြီး ထိုသို့ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံက သိရသည်။