
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းဒေသရှိ ဟိုပုံး-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ဆို့၍ ခရီးသွားပြည်သူများကို ပစ်ခတ်ခြင်းသည် စစ်ကောင်စီသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLA ထံက သိရသည်။
အဆိုပါလမ်းမကြီးသည် ဒေသအတွင်း အဓိကဆက်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး ဖြတ်တောက်ပိတ်ဆို့ရန် ရည်ရွယ်ချက်ဖြင့် NUG ၊ CRPH ၊ PDF တို့၏ မြှောက်ပင့်ပေးမှုများအရ PNLA နှင့် KNDF ၊ KNPP ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထို့အပြင် PNLA နှင့် KNDF ၊ KNPP ပူးပေါင်းအဖွဲ့တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ယင်းလမ်းမကြီးတစ်လျှောက်ရှိ ၎င်းတို့တပ်ဖွဲ့ဝင်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အဓိကနေရာများအား ပိတ်ဆို့မှုများ လုပ်ဆောင်လာခဲ့သည်ဟု စစ်ကောင်စီက ဆိုထားသည်။
“အဲဒီလမ်းမကြီးကို ကျွန်တော်တို့ PNLA က ပိတ်ဆို့ထားတာ မရှိပါဘူး။ စစ်ကောင်စီကသာ ပြည်သူအခက်အခဲဖြစ်အောင် ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။ လမ်းမကြီးကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ အချိန်မှာလည်း ခရီးသွားပြည်သူတွေကို ပစ်ခတ်တာတွေ စစ်ကောင်စီက ပြုလုပ်ခဲ့တာ ရှိပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ၎င်းတို့ တိုက်ခိုက်ရေး စစ်ကြောင်းများဖြင့် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်ကာ ဆီဆိုင်-မိုင်းပွန် ကားလမ်းတစ်လျှောက်နှင့် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် ဘေးဝဲယာများကို ထိုးစစ်ဆင်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁၆) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြည်ထောင်စုလမ်းမကြီးအား ၎င်းတို့အနေဖြင့် အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ကာ မတ် ၁ ရက်မှစတင်၍ ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များ၊ လူစီးယာဉ်၊ ကုန်သယ်ယာဉ်များ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
“လမ်းမကြီးကို သူတို့ပဲ ပိတ်ဆို့၊ သူတို့ပဲပြန်ဖွင့်ပြီး အမျိုးမျိုး လုပ်ကြံဖန်တီး ပြောဆိုနေတာ ဖြစ်ပါတယ်။ ဘယ်သူက အကြမ်းဖက်တယ်၊ ဘယ်သူက ပြည်သူကို ဒုက္ခပေးတယ်ဆိုတာ စစ်ကောင်စီက ဗုံးကြဲဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေကို ကြည့်ရင်ရှင်းလင်းနေမှာပဲ ဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ယင်းထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ PNLA နှင့် မဟာမိတ်အဖွဲ့များထံမှ အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသော်လည်း အဆိုပါ အကြောင်းအရာကို PNLA က ပြန်လည် တံု့ပြန် ခြင်း မရှိပေ။
ယင်းအပြင် စစ်ကောင်စီသည် ဟိုပုံး-မိုင်းပွန် ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် PNLA နှင့် မဟာမိတ်အဖွဲ့များ ပိတ်ဆို့ထားသည်ဟု ၎င်းတို့စွပ်စွဲထားသည့် နေရာများကို ဖယ်ရှားရှင်းလင်း၍ မိုင်းပွန်မြို့မှ တောင်ကြီးမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဟု ထုတ်ပြန်ပြောဆိုသည်။
PNLA ၏ မတ် ၂ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းမြို့၊ ကျေးရွာများကို ဂျက်လေဖိုက်တာများ၊ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးများဖြင့် တမင်သက်သက် ပစ်ခတ်ဖျက်ဆီး နေလျက်ရှိသကဲ့သို့ မတ် ၁ ရက်၊ ည ၉ နာရီခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လေး ကြိမ် တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင်လည်း စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ဒုံးများ၊ လက်နက်ကြီးများဖြင့် အကြိမ် (၆၀)ကျော် တမင်သက်သက် ပစ်ခတ်ဖျက်ဆီးခဲ့သလို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင်လည်း စစ်ကောင်စီတပ်က ဟိုပုံးမြို့နယ်၊ ပုံးအယ်ကျေးရွာနှင့် ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပုံးအယ်ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
#ဟိုပုံးမိုင်းပွန်လမ်းမကြီး #ပိတ်ဆို့ #ပြည်သူများကိုပစ်ခတ် #စစ်ကောင်စီ #PNLAပြောကြား #Ayeyarwaddy_Times