
ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီပေးမယ့် အစည်းအဝေးရဲ့ ဆွေးနွေးမှုအသံဖိုင်တစ်ခု ရုရှားနိုင်ငံထံ ဘယ်လို ပေါက်ကြားခဲ့တယ်ဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ဂျာမနီနိုင်ငံက ပြောပါတယ်။
ဒီလို အရေးတကြီး မှတ်တမ်းအသံဖိုင်တစ်ခု ရုရှားနိုင်ငံထံ ပေါက်ကြားတဲ့ကိစ္စဟာ အလွန် စိုးရိမ်စရာလို့ စနေနေ့က ဗာတီကန်သို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေတဲ့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိူးက ပြောပါတယ်။
၃၈ မိနစ်ကြာ အစည်းအဝေးရဲ့ ဆွေးနွေးမှုအသံဖိုင်ကို သောကြာနေ့က ရုရှားနိုင်ငံပိုင် ရုပ်သံဌာန RT ရဲ့ အယ်ဒီတာချုပ်က လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။
အစည်းအဝေးဟာ ယူကရိန်းနိုင်ငံက လက်ခံရရှိဖို့ မျှော်လင့်နေတဲ့ တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေး ရေး အလားအလာနဲ့ပတ်သက်ပြီး ဆွေးနွေးထားတာလို့ သိရပါတယ်။
ဂျာမနီလေတပ်ချုပ် အင်ဂိုဂါဟတ်ဇ် အပါအဝင် အစည်းအဝေးတက်ရောက်သူတွေက ဂျာမနီစစ်တပ်ရဲ့ အ ကူအညီမပါဘဲ ယူကရိန်းစစ်တပ်က တာဝေးပစ်ဒုံးကျည်တွေ ကိုင်တွယ်နိုင်ခြင်း ရှိ မရှိကို ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။
ယင်းသို့သော အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ဆွေးနွေးမှုတွေကို အသံဖမ်းထားတာ ဖြစ်နိုင်တယ် လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက စနေနေ့မှာ မီဒီယာတွေကို ဝန်ခံခဲ့ပါတယ်။
အစည်းအဝေးဟာ ဖေဖော်ဝါရီလအတွင်း အွန်လိုင်းမှာ ကျင်းပခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ချောင်းနားထောင်မှုမှာ ဘယ်သူပါဝင်ခဲ့ သို့မဟုတ် ရုရှားရဲ့ပါဝင်မှုနဲ့ပတ်သက်လို့ မပြောကြားခဲ့ပါဘူး။
ကိုးကား – NHK
Ref; German military aid plan for Ukraine leaked to Russia