မြရာ/ဧရာ၀တီတိုင်းမ်
‌မတ် ၄ ရက်

တရုတ်နိုင်ငံ၏ကြား၀င်စေ့စပ်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီ တို့ အပစ်ရပ်သဘောတူညီမှု ဆွေးနွေးပွဲကို ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို ယမန်နေ့မတ် ၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ပြီး ယခင်သဘော တူညီခဲ့သည့် ဟိုင်ဂင်သဘောတူညီချက်များ အတိုင်း ပစ်ခတ်မှုရပ်စဲရေးကို သဘောတူညီခဲ့ကြပြီး ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ဆွေးနွေးပွဲတွင် ယခင်ဆွေးနွေးခဲ့ကြသည်များကို သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ယင်းတို့မှာ ကိုးကန့်တပ်မတော် (MNDAA) အားရှမ်းပြည်နယ် ကိုးကန့်အထူးဒေသ၏ တရား၀င်အစိုးရအဖြစ်လည်းကောင်း၊ ညီနောင်သုံးဖွဲ့သိမ်းယူထားသည့် နယ်မြေများနှင့် မြို့များကို ၎င်းတို့အပိုင်အဖြစ် စစ်ကောင်စီက အသိအမှတ်ပြုပေးခဲ့ရသည်။

ထို့အပြင် နှစ်ဖက်တပ်ဖွဲ့၀င်များအနေဖြင့် သဘောတူ ညီထားသည့်နယ်မြေများမှ ရှေ့ဆက်မတိုးဘဲ တပ်ချင်းခွာထားရန် သဘောတူခဲ့ကြကြောင်း မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်ပိုင်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံက သိရသည်။

မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့အနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားထိခိုက်မှုမှန်သမျှကို ရှောင်ရှား၍ ကာကွယ်စောင့်ရှောက်ရန်နှင့် ချင်းရွှေဟော်တွင် စစ်ကောင်စီ၏ အကောက်ခွန်၊ ကုန်စည်စ်စဆေးရေး၊ လူ၀င်မှုကြီးကြပ်ရေးတို့ကို ထားရှိမည်ဖြစ်ပြီး ကိုးကန့်အဖွဲ့အစည်းများကိုလည်း ထားရှိကာပူးတွဲ လုပ်ကိုင်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် တရုတ်ပြည်နှင့်ကူးသန်းသွားလာမည့် ကုန်စည်များအပေါ် အခွန်စည်း ကြပ် ကောက်ခံရရှိငွေ ၇၀ ရာခိုင်နှုန်းကို ညီနောင်မဟာမိတ်ကိုယ်စား MNDAA ကရယူပြီး စစ်ကောင်စီက ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို ရယူမည်ဟုသဘော တူညီထားရှိခဲ့ကြကြောင်း သိရသည်။

ထိုသဘောတူညီမှုများနှင့်ပတ်သက်ပြီး ယနေ့ မတ်လ ၄ ရက်​ေန နံနက်ပိုင်းက ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) ၏သတင်းစာရှင်းလင်းပွဲတွင် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညို‌ထွန်းအောင်က အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့သည်။

“ဆွေးနွေးသဘောတူညီမှုပြုလုပ်ခဲ့ကြတာ မှန်ပါတယ်။ အခုထွက် ပေါ်နေတဲ့ သတင်းမှာ မှန်တာလည်းပါသလို၊ ကောလာဟလလည်း ပါတယ်။ အများသိတဲ့လျှို့ဝှက်ချက်ပေါ့။ တရုတ်နဲ့ထိစပ်နေတဲ့ ရှမ်းမြောက် ကုန်သွယ်ရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ။ ဆွေးနွေးမှုက ရှမ်းမြောက်မှာရှိတဲ့ (AA) နဲ့ပဲဆိုင်တယ်။ ရခိုင်မှာရှိတဲ့ AA နဲ့မဆိုင်ဘူး။ ဒီလောက်ဆို သတင်းထောက်တွေ နားလည်မှာပါ”ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့၏ သဘောတူညီဆွေးနွေးမှုရလဒ်များကိုသက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုခြင်း တစ်စုံတရာမရှိသေးဘဲ လက်ရှိတွင် ရှမ်းမြောက်၌ တိုက်ပွဲများရပ်တန့်ထားပြီး မဟာမိတ်အဖွဲ့များမှ ပြန်လည်ထူထောင်ရေးများလုပ် ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

#မြောက်ပိုင်းညီနောင်မဟာမိတ် #စစ်ကောင်စီ #အပစ်ခတ်ရပ်စဲ #သဘောတူညီမှု #ဆွေးနွေးပွဲ #Ayeyarwaddy_Times