ဧရာ၀တီတိုင်းမ်
မတ် ၄ ရက်

ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားသည့် ပလက်၀ဒေသကို ပလက်၀ဒေသခံများ ကသာ ပိုင်ဆိုင်ပြီး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ပြီး ဒေသတည်ငြိမ်ရေး၊ အုပ်ချုပ်ရေးတို့ကို အဓိကဖော်ဆောင် သွားမည်ဖြစ်ကြောင်း AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

ယနေ့ မတ် ၄ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ သတင်းစာရှင်းလင်းပွဲတွင် ပလက်၀ဒေသကို စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်အောင်လုပ်ဆောင်ပြီး ဒေသတည်ငြိမ် ရေးနှင့် အုပ်ချုပ်ရေးတို့ကို အဓိကဖော်ဆောင်သွားမည်ဟု ဦးခိုင်သုခက ပြောသည်။

“ပလက်၀မြို့နဲ့ ပလက်၀ဒေသတစ်ခုလုံးကို ပလက်၀ ဒေသခံတွေက ပိုင်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ထဲမှာလည်း ပလက်၀ဒေသအတွင်းရှိ မြို့မိမြို့ဖများကိုပါ၀င်ဖို့ စီစဉ် ထားပါတယ်။ အတူပါ၀င်ကြဖို့လည်း ချမှတ်နေပါတယ်။ ချင်းပြည်ရှိ လက်နက်ကိုင် တပ်ဖွဲ့များကလည်း ချင်းပြည်လွတ်မြောက်ရေးကို ပိုအာရုံ စိုက်ဖို့ တိုက်တွန်းပါတယ်”ဟု AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောသည်။

ချင်းပြည်နယ် ပလက်၀ဒေသရှိ နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ နှမဒါဗျူဟာ စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် AA က တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် ပလက်၀ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်လိုက်ခြင်းဖြစ်သည်။

ပလက်၀ဒေသကို သူပိုင်သည်၊ ငါပိုင်သည်ဟု လုပ်မနေဘဲ စစ်အာဏာရှင်လက်အောက် က လုံး၀လွတ် မြောက်အောင်လုပ်ဆောင်သွားပြီး ချင်းပြည်တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် ချင်းပြည်နယ် လွတ်မြောက်ရေးကိုသာ ပိုမိုအာရုံစိုက် လုပ်ဆောင်သွားရန် AA က တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် စစ်အာဏာရှင်လက်အောက်က လွတ် မြောက်ရေးအတွက် အတူတိုက်နေသည့် အဖွဲ့အစည်းအားလုံးကို မိတ်ဆွေအဖြစ်သဘောထားကာ တူသည့်အရာများကို တွဲလုပ်ပြီး မတူသည့် အရာများကို ခွဲလုပ်လျက်ရှိကြောင်း AA က ဆိုထားသည်။

ပလက်၀မြို့နယ် ပိုက်တေကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မရာကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့တိုက်ပွဲဖြစ်ပွားရာတွင် ရက္ခိုင့်တပ်တော် (AA) က ပါ၀င်ကူညီခဲ့သည် ဆိုသည့် အကြောင်းအရာကို AA က ငြင်းဆိုခဲ့သည်။

“အချင်းချင်းတိုက်နေ တာကို အားမပေးပါ။ အချင်းချင်း တိုက်ခိုက်နေတာကို ၀င်ပါ ကူညီတာမျိုးလုံး၀မရှိပါ။ တစ်ဖွဲ့ဖွဲ့ဘက်ကနေ ပါ၀င်ကူညီတာမျိုးလုံး၀မရှိခဲ့ပါလို့ အခိုင် အမာပြောရဲပါတယ်” ဟု AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက ဆိုသည်။

#ပလက်၀ #ဒေသခံများပိုင် #စစ်‌အာဏာရှင်လက်အောက် #လွတ်မြောက် #အဓိကလုပ်ဆောင်မည် #AA #ဦးခိုင်သုခ #Ayeyarwaddy_Times