
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသည့် အရပ်သားများ ဆေးကုသမှုစရိတ်အတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရသည့် အရပ်သားများသည် ဆေးကုသမှုလုံလောက်စွာ မရရှိသည့်အပြင် ဆေးကုသမှုစရိတ်အတွက်လည်း အခက်အခဲ ရှိကြောင်း သိရသည်။
“ပလက်ဝမှာ တိုက်ပွဲဖြစ်ကတည်းက ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ထားတာကြောင့် တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေဟာ မြို့ပေါ်မရောက်နိုင်ဘဲ ကျေးရွာထဲက ကျန်းမာရေးဝန်ထမ်းတွေဆီမှာ ရှိတဲ့ ဆေးနဲ့ ကုသနေရတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာမှ တောလမ်းကြောင်းကနေ စစ်တွေဆေးရုံ ပို့ရတယ်။ အဲ့လို ပို့ဆောင်တဲ့အခါမှာ လမ်းခရီးစရိတ်က ၁၀သိန်းကနေ သိန်း ၂၀ ကြားမှာ ရှိတယ်။ အဲ့ဒီလူနာတွေရဲ့ ဆေးကုသမူစရိတ်လည်း လုံလောက်စွာ ထောက်ပံ့မှုတွေ မရရှိဘူး “ဟု ပလက်ဝဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့နယ်တွင် အရပ်သား ထိခိုက်သေဆုံးမှုသည် တိုက်ပွဲတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်သေဆုံးမှု ပိုများကြောင်း သိရသည်။
“စစ်ကောင်စီကနေ အရပ်သား စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာတွေမှာ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက် သေဆုံးမှုများသလို တိုက်ပွဲတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုက ပိုများတယ်။ လမ်းသွားလမ်းလာ နေရာမှာ ထောင်တဲ့ မြေမြှပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတာလည်း ရှိတယ် “ဟု ပလက်ဝဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင် ရက္ခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ကလေးငယ်အပါဝင် အရပ်သား ၂၅ ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရသည့် လူနာအချိုသည့် ယနေ့ထိ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုမှုခံယူနေရဆဲဖြစ်ပြီး ၎င်းတို့အတွက် ဆေးကုသစရိတ်များ လိုအပ်နေကြောင်း သိရသည်။
#ပလက်ဝ #ထိခိုက်ဒဏ်ရာရ #အရပ်သားများ #ဆေးကုသမှု #အကူအညီများလိုအပ် #ရက္ခိုင့်တပ်တော် #AA #Ayeyarwaddy_Times