
ဧရာဝတီတိုင်းမ်
မတ် ၄ ရက်
အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်တွင် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မတ်လ၏ ပျှမ်းမျှ အပူချိန်ထက် ၁ ဒသမ ၅ ဒီကရီစင်တီဂရိတ်မြင့်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦစီးဌာန (မိုး/ဇလ) က ထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်၊ ကယား၊ မွန်ပြည်တို့တွင် မတ်လ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီကရီစင်တီဂရိတ်နှင့် အထက်ပိုနိုင်ကြောင်း မိုး/ဇလ ထံကသိရသည်။
မြန်မာနိုင်ငံတွင် မတ်လနှင့် ဧပြီလသည် အပူချိန်အမြင့်ဆုံးကာလဖြစ်ပြီး ဒေသအလိုက် ပျမ်းမျှအပူချိန်မှာ ၃၂ ဒီကရီစင်တီဂရိတ် နှင့် ၄၃ ဒီကရီစတင်တီဂရိတ်ရှိကြောင်း သိရသည်။
ထို့ပြင်စစ်ကိုင်း၊မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာရှိမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိနေ့အပူချိန်များမြင့်တက်နေပြီး ရန်ကုန် ( ဗိုလ်တစ်ထောင်မြို့နယ်) ချောက်မြို့၊ အောင်လံမြို့၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ညောင်လေးပင်မြို့တို့တွင် အပူချိန် ၃၉ ဒကရီစင်တီဂရိတ်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
နေ့အပူချိန်မြင့်တက်လာသဖြင့် အပူလျှပ်သတိလစ်ခြင်းများဖြစ်ပေါ်နိုင်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနုံးချည့်ခြင်းတို့ခံစားရပြီး ရုတ်တရက်သတိလစ်နိုင်သဖြင့် အပူဒဏ်အန္တရာယ်ကိုသတိပြုရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အတူ နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း အပူဒဏ်ကြောင့်ဖြစ်သော ဖျားနာမှုနှင့် ရောဂါများကို ကုသခြင်းလမ်းညွှန်အား CDM ဆရာဝန်များအတွက် ရည်ရွယ်၍ မျှဝေထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဧပြီလတွင် ကလေးဝနှင့် ညောင်ဦးမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်စီ၊ ကလေး၊ တမူး၊ မင်းကင်း၊ မုံရွာ၊ မြင်းမူ၊ မြင်းခြံ၊ ချောက် နှင့် ပခုက္ကူမြို့တို့တွင် အပူချိန် ၄၃ ဒီဂရီစင် တီဂရိတ်ရှိ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့အပူချိန်မြင့်တက်နေရာ၌ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ပျမ်းမျှအပူချိန် ၁ ဒသမ ၄ ဒီကရီစင်တီဂရိတ် အထိတိုးလာနိုင်ပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံစားရမည်ဖြစ်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အပူချိန်မြင့်တက် #ရန်ကုန် #တိုင်းနှင့်ပြည်နယ် #အပူဒဏ်အန္တရာယ် #သတိပြုရန်လိုအပ် #Ayeyarwaddy_Times