
ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီလက်အောက်ခံ တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များမှာ ပြည်သူ့ရင်ခွင်ထံသို့ လက်နက်ချအလင်းဝင်မှုများပြားလာခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လတာအတွင်း အလင်းဝင်ရောက်လာသူ အရေအတွက် ၁၅၂ ဦး ရှိကြောင်း သိရသည်။
အလင်းဝင်ရောက်လာသူများတွင် လက်နက်ဖြင့်အလင်းဝင်လာသူများအပြင် လက်နက်မဲ့ အလင်းဝင်ရောက်သူများပါရှိပြီး ရဲတပ်ဖွဲ့ဝင် ၄၂ ဦး နှင့် တပ်သား ၁၁၀ ဦး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကို စွန့်ခွာ၍ အလင်းဝင်ရောက်လာသူများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ ဆက်သွယ်ဝင်ရောက်လာသူများအပြင် ပြည်သူ့ရင်ခွင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လာရောက်ကြသူများလည်း ရှိကြောင်း သိရသည်။
“အခုလက်ရှိ စစ်တပ်ထဲမှာရှိနေတဲ့ စစ်သည်တွေနဲ့ အရာရှိတွေကို ပြောချင်တာကတော့ ပြည်သူ့တော်လှန်ရေးက အောင်ကိုအောင်မှာဗျ။ အနှေးနဲ့ အမြန်ပဲဆိုပေမယ့် နှစ်ပေါင်းမြောက်များစွာစောင့်စရာမလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူရဲ့ဆန့်ကျင်ဘက်မှာ ဘယ်အဖွဲ့အစည်းမှ ရပ်တည်လို့မရပါဘူး။ အဲ့ဒီတော့ အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ သိမ်းယူထားတဲ့ စစ်အာဏာရှင်ကို ကာကွယ်မလား၊ ပြည်သူ့ဘက်ကိုရပ်တည်ပြီးတော့မှ အာဏာရှင်စနစ်ကိုတိုက်ဖျက်မလား လမ်းကနှစ်လမ်းပဲရှိပါတယ်” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသည့် CDM တပ်ကြပ်ကြီးသန်းလင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်မှ ရုန်းထွက်၍ အလင်းဝင်ရောင်လာသည့် တပ်မတော်သားများအနေဖြင့် လွတ်မြောက်နယ်မြေသို့ လာရောက်ချင်ပါကလည်း ပို့ဆောင်ပေးပြီး အကျိုးခံစားခွင့်များအနေဖြင့် CDM ကုတ်နံပါတ်ပေးခြင်း၊ ပြည်တွင်းတွင်နေထိုင်ပါက တစ်ဦးလျှင် တစ်လ ကျပ်ငွေ ၇၀၀၀၀ ထောက်ပံ့ပေးခြင်း၊ ပြည်ပ ထိုင်းနိုင်ငံ အတွင်းနေထိုင်သူများကို ဘတ်ငွေ ၁၀၀၀ ထောက်ပံ့ပေးခြင်းအပြင် မိသားစုများဝင်ပါရှိပါက ပါရှိသည့် မိသားစုဝင်ဦးရေအလိုက် တစ်ဦးလျှင် ဘတ် ၁၀၀၀ စီ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထပ်မံထောက်ပံ့ပေးကြောင်း သိရသည်။
“ဒီအချိန်မှာ ဆုံးဖြတ်မယ့်အချိန်ရောက်နေပါပြီ။ အဲ့ဒီတော့ ပြည်သူ့ဘက်ကို ရပ်တည်ပြီးတော့ ကိုယ့်ရဲ့ဘ၀ မိသားစုဘ၀ အသစ်ပြန်စရင်း နိုင်ငံတော်သစ်၊ ဘ၀သစ်၊ စိတ်သစ်လူသစ်နဲ့ နိုင်ငံကိုတည်ဆောက်ကြမလား။ စစ်အာဏာရှင်ကိုကာကွယ်ပြီးတော့ မှ ခွေးသေ ၀က်သေ အသေခံ မလားဆိုတာကိုဆုံးဖြတ်ရမယ့်အချိန်ရောက်ပြီဆိုတာကိုပြောချင်ပါတယ်” ဟု CDM တပ်ကြပ်ကြီးသန်းလင်းက ထပ်မံပြောကြားသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ယခုရရှိထားသည့် စာရင်းများအပြင် လက်လှမ်းမမီသေးသည့် ဒေသများဖြစ်သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်လည်း အလင်းဝင်ရောက်လာသူ အများအပြားရှိမည်ဖြစ်ကြောင်း CDM တပ်ကြပ်ကြီးထံက သိရသည်။
စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ယခုအချိန်အထိ မြန်မာနိုင်ငံဒေသအသီးသီးရှိ တော်လှန်ရေးတပ်ဖွဲ့များထံ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် အရေ အတွက် ၁၅,၀၀၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်းလည်း NUG ထံကသိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#CDMပြုလုပ်လာသူများ #ရဲတပ်ဖွဲ့ဝင် #စစ်ကောင်စီတပ်ဖွဲ့ဝင် #ဖေဖော်ဝါရီလ #၁၅၀ကျော်အလင်းဝင် #Ayeyarwaddy_Times