
ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ စစ်ကောင်စီတပ်များ၏ တည်နေရာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်သလို အဆောက်အအုံနှင့် ပစ္စည်းများပျက်စီးမှုရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွ င် တနင်္သာရီ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းကြောင့် ထွေအုပ်၏ ကားတစ်စီးပေါ် ဗုံးသီးကျကာ ကားမီးလောင်ပျက်စီးခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျား ဒရုန်းအဖွဲ့ထံကသိရသည်။
“စစ်ကောင်စီရဲ့အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတော့ သိရတယ်။ စစ်ကောင်စီဘက်က လူတွေထိခိုက် မှုတွေရှိပေမယ့် သေချာအောင် လက်ရှိအချိန်ထိစုံစမ်းနေတုန်းပဲ”ဟု တနင်္သာရီမြို့နယ်အခြေစိုက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူပေါင်း ဘက်မလိုက်ပြောက်ကျား ADF ဒရုန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့နောက် ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဗောဓိကမ်းတံတားဂိတ်အား ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ပြီးနောက် ညနေ ၄ နာရီဝန်းကျင်တွင် ကမ်းမလိုင်းရွာ အခြေစိုက်ခမရ (၅၅၈) တပ်ရင်းကို ဗုံးသီးသုံးလုံးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၁ ရက်နေ့ နံနက် ၉ နာရီက ခမရ (၅၆၁) တပ်ရင်းကို ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ ဗဟိုကင်းကို တည့်တည့်ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ဒရုန်းစစ်ဆင်ရေးပြုလုပ်နေစဥ်အတွင်း ဒရုန်းတစ်စင်း စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး video မှတ်တမ်းယူစက် ပြုတ်ကျပျောက်ဆုံးသွားကြောင်းမြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူပေါင်း ဘက်မလိုက်ပြောက်ကျား ADF ဒရုန်းအဖွဲ့ထံက သိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူပေါင်း ဘက်မလိုက်ပြောက်ကျား ADF ဒရုန်းအဖွဲ့
#မြိတ်ခရိုင် #ဒရုန်းဖြင့်ဗုံးသီးချ #တိုက်ခိုက် #စစ်ကောင်စီ #ထိခိုက်သေဆုံးမှုရှိနိုင် #Ayeyarwaddy_Times