
အယိုက်လင်း၊ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ဒိုင်ရ်နယ်မြေတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ပြည်သူပိုင် စက်လှေများ ထိခိုက်ပျက်စီးသွားကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-ဒိုင်ရ်ထံက သိရသည်။
ဒိုင်ရ်နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ ခန့်က ရေကြောင်းဖြင့် ခရီးသွာနေသည့် ပြည်သူများကို ဝနှူးကျေးရွာ၊ ဆီချောင်းဝကျေးရွာများတွင် စစ်ကောင်စီက ဗုံးသီး ခြောက်လုံးဖြင့် နှစ်ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ရွာတွေဟာ CDF(ဒိုင်ရ်)ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေဖြစ်ပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှု မရှိပေမယ့် ပြည်သူပိုင် စက်လှေတွေ ပျက်စီးတယ်။ ဒိုင်ရ်နယ်မြေမှာ စစ်ကောင်စီက လေကြောင်းကနေ စောင့်ကြည့်မှု အမြဲပြုလုပ်တာ၊ တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်က စစ်ဘေးရှောင်နေကြပါတယ် “ဟု CDF(ဒိုင်ရ်)တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဒိုင်ရ်နယ်မြေတွင်လေကြောင်းမှ စောင့်ကြည့်မှု၊ ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက် ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင် နေကြရကြောင်းနှင့် ဒိုင်ရ်နယ်မြေတွင် မတ်လ ၁ ရက်နေ့မှစ၍ မတ်လ ၂၀ ရက်နေ့ထိ ရေကြောင်းခရီး သွားလာခြင်း မပြုလုပ်ကြရန် CDF(ဒိုင်ရ်)က အသိပေးထားသည်။
ပလက်ဝမြို့နယ်ရှိ ဒိုင်ရ်နယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီသည် လေကြောင်းဖြင့် နှစ်ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ခုနှစ်ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာ တစ်ဦးရရှိခဲ့သည်။
ပုံစာ- ဒိုင်ရ်နယ်မြေ ဟုမ်းရွာကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်စဥ်
#ပလက်ဝမြို့နယ် #ဒိုင်ရ်နယ်မြေ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲတိုက်ခိုက် #စက်လှေများပျက်စီး #Ayeyarwaddy_Times-