
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ် ၃ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ခွင့်ပြုချက်မရရှိဘဲ ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းတွင် တပ်ရင်း၊ တပ်ဖွဲ့များဖွဲ့စည်းခြင်း၊ စခန်းချခြင်းနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)ကို ပြိုကွဲရေးအတွက် လုပ်ဆောင်လာပါက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံက သိရသည်။
မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)မှ လွဲ၍အခြား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ရှိလာလျှင် ဖြေရှင်းမရနိုင်သော ပြသနာများစွာ ဖြစ်ပွားလာ နိုင်ပြီး အထူးသဖြင့် သွေးထွက်သံယိုဖြစ်မည့် လက်နက်ဖြင့် ဖြေရှင်းမှုများဖြစ်ပေါ်ပါက ဒုက္ခရောက်လာနိုင်ခြင်းကြောင့် မင်းတပ်မြို့နယ်တွင် CDF-မင်းတပ်တစ်ဖွဲ့ထဲရှိရေးမူကို ပြည်သူလူထု၏ ထောက်ခံမှုနှင့်အတူ စွဲကိုင်ထားခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ CDF-မင်းတပ်မှာ ကာကွယ်ရေးဗဟိုကော်မတီရဲ့ တပ်မှူးများ ညီလာခံကနေ ဆုံးဖြတ် ချက်တစ်ခုရှိတယ်။ နံပါတ်တစ် ဆုံးဖြတ်ချက်က ဘာလဲဆိုတော့ အာလုံးသိတဲ့အတိုင်း ပလက်ဝနယ်ဘက်မှာ ချင်းအမျိုးသားတပ်မတော် ပူးပေါင်း တပ်ဖွဲ့နှင့် မရာကာကွယ်ရေးတပ်ဖွဲ့ပေါ့နော်။ ကိုယ့်အချင်းချင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတာရှိတယ်။ ဒါကြောင့် အထူးသဖြင့် မင်းတပ်မြို့နယ်မှာလည်း CDF-မင်းတပ်ရဲ့ မဟာမိတ် (သို့မဟုတ်) ခွင့်ပြုချက်နဲ့ စစ်ရေးလှုပ်ရှားမှုတွေ အကန့်အသတ်နဲ့ ကျွန်တော်တို့ စနစ်တကျခွင့်ပြုထားတာရှိတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနအဖွဲ့ဝင် ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နိုင်ငံရေးအရ တော်လှန်ရေးခေါင်းစဉ်တပ်ကာ မင်းတပ်မြို့နယ်တွင် စခန်းချ ခြင်းနှင့် လက်နက်ကိုင်ဆောင်ခြင်းများရှိလာပါက ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ စည်းလုံး ညီညွတ်မှုကို ရှေးရှု့၍ ပြင်းပြင်းထန်ထန်တုံ့ပြန် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
“CDF-မင်းတပ်ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ လက်နက်ကိုင်ပြီးတော့မှ စစ်ရေးလှုပ်ရှားမှုတွေ နယ်မြေဖြတ်သန်းသွားလာခွင့်တွေ ပြုလုပ်လာလို့ရှိရင် ကျွန်တော်တို့ အချင်းချင်း ကြားထဲမှာ မှားယွင်းပြီးတော့မှ တိုက်ခိုက်တာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အဲ့သည်လို မျိုးမဖြစ်အောင် ကျွန်တော်တို့က ကြိုတင်ပြီးတော့မှ တားမြစ်ထုတ်ပြန်တဲ့ သဘောမျိုး ဖြစ်ပါတယ်” ဟု ဆလိုင်းမင်းတပ်က ဆိုသည်။
ချင်းပြည်နယ်တွင် ချင်းလဲန်း၊ ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဟူ၍ ကောင်စီနှစ်ခုရှိပြီး လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)နှင့် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အပါအဝင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) အနေဖြင့် ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မှု မရှိသေးကြောင်းသိရသည်။
အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)အနေဖြင့် မပါဝင်နိုင်သေးကြောင်း ထုတ်ပြန်ချက်များကို အသိပေးထုတ်ပြန်ထားသော်လည်း ၎င်းထုတ်ပြန်ချက်ကို အကြောင်းပြ၍ တချို့အဖွဲ့အစည်းများက မင်းတပ်မြို့နယ် အတွင်းတွင် လက်နက်တပ်ဆင်ပေးပြီး လစာများပေးဟူသော မက်လုံးပေးကာ စည်းရုံးမှု များရှိနေကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံက သိရသည်။
ဓာတ်ပုံ-CDF-မင်းတပ်။
#မင်းတပ်မြို့နယ် #အခြားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ #ပြသနာများရှိလာနိုင် #တပ်ရင်းတပ်ဖွဲ့ဖွဲ့စည်းခြင်း #စခန်းချခြင်းများ #ပြင်းထန်စွာအရေးယူမည် #Ayeyarwaddy_Times