ဧရာဝတီတိုင်းမ်
မတ် ၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ တဖက်ကမ်းရှိ အမှတ်(၉)နှင့်အမှတ်(၁၀) ရပ်ကွက်တို့တွင် လမ်းချဲ့ရန် အကြောင်းပြကာ လမ်းနယ်နမိတ်နှင့် မလွတ်သည့် နေအိမ်နှင့်ဆိုင်ခန်း ပေါင်း ၄၀၀ ဝန်းကျင်ကို ယနေ့ မတ်လ ၃ ရက်နေ့မှ စပြီး အတင်းအကျပ် ဖယ်ရှားခိုင်း၍ ဒေသခံများ မိမိအစီအစဉ်ဖြင့် ဖျက်သိမ်းနေရကြောင်းသိရသည်။

ပုသိမ်မြို့တစ်ဖက်ကမ်း အမှတ်(၉)ရပ်ကွက်မှ လမ်းဘေးနေ အိမ်နှင့်ဆိုင်ခန်း အလုံးရေ(၁၈၀)လုံး နှင့် အမှတ် (၁၀)ရပ်ကွက်မှ လမ်းဘေးနေအိမ်နှင့် ဆိုင်ခန်း အလုံးရေ (၁၂၀ )လုံး စုစုပေါင်းအ လုံးရေ(၄၀၀) ဝန်းကျင်ကို သုံးရက်အတွင်း ဖယ်ရှားရန် ပြီးခဲ့သည့် မတ်လ ၁ရက်နေ့က လိုက်လံ အသိပေးထားကြောင်း ဒေသခံများထံက သိရသည်။

“ ၁ရက်နေ့ကမြို့နယ်စည်ပင် နဲ့ ထွေအုပ်တွေလာပြီး လမ်းတဖက်ကို ၁၀ ပေစီချဲ့မယ်ဆိုပြီးတော့အသိပေးစာ စာလာပြတယ်။ စာကိုတော့လက်ထဲမပေးဘူး။ အပြင်ပေါက်ထွက်မှာစိုးလို့တဲ့။ လမ်းနဲ့ကပ်တဲ့အိမ်တွေ ဆိုင်တွေမှန်သမျှ အကုန်ဖျက်ပေးရမယ်”ဟု နေအိမ်ဖျက်ပေးရမည့် အမှတ် (၉)ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ကိုအေးကိုနှင့် အမှတ်(၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဇော်ခင်ဆိုသူတို့မှ မြို့နယ်စည်ပင်သာရေးအဖွဲ့ဖြင့် နေ့စဉ်ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

ယင်းသို့ မြို့နယ်စည်ပင်၊ ထွေအုပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ နေအိမ်နှင့်ဆိုင်ခန်းများ အား ဖျက်ခိုင်းနေမှုကြောင့် ရပ်ကွက်ဒေသခံ ၈၀၀ ကျော်မှာ အိုးအိမ်မဲ့အခြေအနေသို့ရောက်ရှိခဲ့ကာ နေထိုင်ရန် အခက်အခဲများဖြင့်ကြုံတွေ့နေရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်၂၀၂၃ခုနှစ်အတွင်းက ကန်ကြီးထောင့်၊ ပန်းတနော်နှင့် ငွေဆောင်၊ချောင်းသာ၊ ဇလွန်၊ညောင်တုန်းစသည့် မြို့နယ်တို့ တွင် လမ်းနယ်နမိတ်တိုးချဲ့ရန် အကြောင်းပြ၍ လမ်းဘေး နေအိမ်၊ ဆိုင်ခန်း ၁၀၀၀ကျော် ဖျက်သိမ်းခံခဲ့ရကာ ဒေသခံလူဦးရေ ၆၀၀၀ ဝန်းကျင်ထက်မနည်း အိုးအိမ်မဲ့ အခြေအနေသို့ ရောက်ရှိခဲ့သည်။

#ပုသိမ်မြို့နယ် #အမှတ်၉ရပ်ကွက် #အမှတ်၁၀ရပ်ကွက် #နေအိမ်နှင့်ဆိုင်ခန်း #၄၀၀ဝန်းကျင်ဖျက်သိမ်း #Ayeyarwaddy_Times