
ဧရာဝတီတိုင်းမ်
မတ် ၃ ရက်
စစ်ကောင်စီ အာဏာသိမ်းထားချိန်တွင် လမ်းဘေးခွေး တိုးပွားမှုများလာကာ ခွေးကိုက်ခံရမှုပိုများနေ၍ ခွေးရူးပြန်ကာကွယ်ဆေးရရှိရန် ခက်ခဲနေပြီး ရန်ကုန် ဆေးရုံကြီးအပါအဝင် ဆေးရုံကြီးများတွင်သာ ကာကွယ်ဆေးထိုးနိုင်ကြောင်း စုံစမ်း သိရသည်။
ခွေးရူးပြန်ကာကွယ်ဆေး တစ်လုံးလျှင် ကျပ် ၅၀,၀၀၀ မှ ၇၀,၀၀၀ ကြားဈေးရှိနေကာ ငါးကြိမ်ခန့်ဆေးထိုးရသဖြင့် ပြင်ပဆေးခန်းနှင့် ဆေးဆိုင်အချို့တွင် ခွေးရူးရောဂါ ကာကွယ်ဆေးရှားပါးမှုကြုံတွေ့နေရပြီး ခွေးကိုက်ခံရသူများ ကာကွယ်ထိုးနိုင်ရန်အတွက် ရန်ကုန်ဆေးရုံကြီးတွင် တန်းစီးစောင့်ဆိုင်းကာ ဆေးထိုးနေရကြောင်း သိရသည်။
“ခွေးရူးပြန်ကာကွယ်ဆေးပြတ်နေသလားမသိဘူး။ အပြင်အထူးကု ဆေးခန်းတွေမှာ တစ်လုံးကို ၆၅,၀၀၀ ခွဲဖြစ်နေတယ်။ ဆေးခန်းတွေက မထိုးပေးတော့ဘူး။ ဆေးရုံကြီးကိုပဲ သွားဖို့ညွှန်းတယ်။ ဆေးရုံကြီးမှာ ခွေးကိုက်လို့ဆေးလာထိုးတဲ့သူတွေ တန်းစီနေတာပဲ ” ဆေးရုံကြီးအနီးတွင် နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်စေရန်ခွေးရူးပြန်ကာကွယ်ဆေး ချက်ချက် ထိုးရမည်ဖြစ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် အသက်သေဆုံးနိုင်မည့်အထိ ဖြစ်ပွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။
ခွေးကိုက်ခံရပါက ခွေးကိုက်ခံရသူ၏ ဒဏ်ရာရှိမှု အတိမ်အနက်နှင့် ပြင်းထန်မှုကို ကြည့်၍ ဆေးထိုးရန် လိုသည်။ အဆင့်ခွဲပြီး လိုအပ်သလိုကုသရကာ ခွေးရူးပြန်ကာ ကွယ်ဆေး RVA အကြိမ်ရေ အပြည့်ထိုးရမည်ဖြစ်ပြီး ဒဏ်ရာကြီးပါက Rabies Immunoglobulin ခွေးရူးအဆိပ် ဖြေဆေးကို ခန္ဓာကိုယ်အလေးချိန်နှင့် တွက်ချက်ကာ စနစ်တကျထိုးနှံရကြောင်း ဧရာဝတီတိုင်းမ်၏ ကျန်းမာရေးဆောင်းပါးရှင် ဒေါက်တာ မိုးသစ်နေ က ဆိုထားသည်။
“ စစ်တပ်က အဓမ္မအာဏာလုပ်ယူခြင်းခံထားရတဲ့ မြန်မာနိုင်ငံဟာ အခု အခြေအနေ မှာတော့ စီးပွားရေးပြိုလဲမှုကြောင့် ခေတ်မီဆေးဝါးတွေရှားပါးတာ၊ ပြတ်လပ်တာ ရှိတယ်။ လျှပ်စစ်ဓာတ်အား မှန်မှန်မရလို့ အအေးစနစ်ကို မထိန်းနိုင်တဲ့အတွက် ကာကွယ်ဆေးတွေ သိုလှောင်ချိန်နဲ့ ပို့ဆောင်ချိန်မှာ အာနိသင်ပျက်စီးတာတွေ ကြုံတွေ့ခံစားနေရတယ်” ဟု ဒေါက်တာမိုးသစ်နေက ဆက်လက်ပြောကြားသည်။
အပူပိုင်းဒေသရောဂါ တစ်မျိုးဖြစ်သော ခွေးရူးပြန်ရောဂါသည် ဆင်းရဲ၍ ထိခိုက်လွယ်သော၊ လစ်လျူရှုခံ ထားရသော အောက်ခြေလူတန်းစားကို အများဆုံး ထိခိုက်စေပြီး ဆေးအမှန်လိုအပ်သူအတွက် လက်လှမ်းမီရန်မလွယ်ကူကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။
ထို့ပြင် ၉၉ ရာခိုင်နှုန်းသော ခွေးရူးပြန်ရောဂါခံစားရသူများသည် လမ်းဘေး လေလွင့် ခွေးများ၊ ပိုင်ရှင်မဲ့ခွေးများအပါအဝင် အိမ်မွေးခွေးများမှတစ်ဆင့် ရောဂါကူးစက်ခံရခြင်း ကြောင့်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များကိုပါ ခွေးရူးပြန်ရောဂါကြောင့် ထိခိုက် ခံစားရနိုင် ကြောင်း သိရသည်။
ယင်းပြင်လမ်းဘေးခွေးများ၊ ပိုင်ရှင်မဲ့ခွေးများကို ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်းနှင့် မျိုးပွားမှုလျော့ချပေးခြင်းများ လုပ်ဆောင်သင့်ကြောင်း ရန်ကုန်မြို့ခံများက အကြံပြုပြောကြားသည်။
ကမ္ဘာအနှံ့တွင် ခွေးရူးပြန်ရောဂါကြောင့် နှစ်စဥ်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလီယံခန့် ရှိကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ခွေးရူးပြန်ရောဂါ #ကာကွယ်ဆေးရှားပါး #ဆေးဈေးကြီး #ရန်ကုန်ဆေးရုံကြီး #ကာကွယ်ဆေးရရှိ #Ayeyarwaddy_Times