
ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
တိုက်ပွဲများ ဖြစ်ပွားနေသော တိုင်းနှင့်ပြည်နယ်များရှိ မြို့များတွင် ဆက်သွယ်ရေးကွန်ယက်နှင့် အင်တာနက်ဖြတ် တောက်မှုများကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာပြီး ဒစ်ဂျစ်တယ်ရပ်ဝန်းထိ ထိန်းချုပ်နေကြောင်း သတင်း ရရှိသည်။
လက်ရှိတွင် ရခိုင်နှင့် ကချင်ပြည်နယ်တို့တွင် ဖုန်းလိုင်းဆက်သွယ်ရေးနှင့် အင်တာနက်သုံးစွဲမှုဖြတ်တောက်ခံ ထားရပြီး ရန်ကုန်တိုင်းအတွင်းရှိ အချို့မြို့နယ်များတွင် Mobile Data နှင့် Wifi အင်တာနက်လမ်းကြောင်း လိုင်းကျမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ ရခိုင်ဘက်က မိသားစုနဲ့အဆက်အသွယ်ပြတ်နေတာကြာပြီ။ သေမှန်းပျောက်မှန်းတောင်မသိရဘူး။ နောက်ဆုံးဖုန်းရတာ ဖေဖော်ဝါရီ ၅ ရက်နေ့ကပဲ။ သူတို့လေကြောင်းနဲ့ လက်နက်ကြီးအသံကင်းလို့ တောင်ပေါ်တက်ပြီး ဖုန်းဆက်မှပြောလို့ရတာ။ သူတို့ဘက်ကမဆက်ရင်မရဘူး “ ဟု ရခိုင်တိုင်းရင်းသား တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ရှိ ဖားကန့်မြို့ကို ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်လုံးဝ ဖြတ်တောက်ထားပြီးနောက် ယခုအချိန်တွင် ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့တွင်ပင် ဖုန်းဆက်သွယ်ရေးနှင့် Mobile Data ဖြတ်တောက်မှုများ ရှိကြောင်းဒေသခံများထံက သိရသည်။
“ ဖုန်းလိုင်းတွေကသူတို့ဖွင့်ပေးတဲ့အခါရတယ်။ ပိတ်ထားတာများတယ်။ MPT က လုံးဝပိတ်ထားတယ်။ တယ်လီနော ( ATOM) က တစ်ခါတစ်လေရတယ်။ MYTel က ဖုန်းလိုင်း နဲ့ Wifi ရတယ်” ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောကြားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းရှိ မြို့များအပါအဝင် အချို့မြို့များတွင် ယခုချိန်ထိ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်လမ်းကြောင်း ပြန်မရသေးကြောင်းသိရသည်။
“ စစ်ကိုင်းဘက်ကမြို့တွေမှာ အင်တာနက်လည်းမရဘူး။ သူတို့ဆက်မှရတယ်။ ဆက်ရရင် နေရာရွေ့မရဘူး။ အင်တာနက်သုံးချင်ရင် တစ်နာရီ ၂၀၀၀ နဲ့ ဝိုင်း(ခြံ)ထဲမှာ ဘတ္ထရီတွေနဲ့ဆင်ထားတာရှိတယ်။ ဘယ်လိုင်းလဲတော့ မသိဘူး ” ဟု မြိုင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အင်တာနက်လွတ်လပ်ခွင့် ပိတ်ဆို့ကျူးလွန်ရာတွင် တိုင်းနှင့်ပြည်နယ်ရှိ ဒေသခံအားလုံး၏ အင်တာနက်ရယူသုံးစွဲမှုကိုဖြတ်တောက်ခြင်း၊ အင်တာနက်သုံးစွဲရာတွင် ပုံမှန်မဟုတ်ဘဲ အကန့် အသတ်နှင့် လိုင်းဖွင့်ခြင်း၊ အင်တာနက်မှတဆင့် စောင့်ကြည့်ထိန်းချုပ်ခြင်းများပြုလုပ်နေကြောင်း လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) ၏ ၂၀၂၃ ခုနှစ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်သွယ်ရေးဖြတ်တောက်ခံရသည့်နေရာများတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များပါဝင်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် ဖြတ်တောက်မှုများကို ထိန်းချုပ်ထားသဖြင့် Facebook သုံးစွဲရာတွင် VPN ခံရခြင်း၊ Mobile Data ဈေးတက်ခြင်းတို့ကို ပြည်သူများကြုံတွေခံစားနေကြရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အင်တာနက်ဖြတ်တောက်ခံရမှုများပြား #မိုဘိုင်းဒေတာ #ဆက်သွယ်ရေးကွန်ယက် #Ayeyarwaddy_Times