နိုရာ/ဧရာ၀တီတိုင်းမ်
မတ် ၂ ရက်

လေတစ်ချက်အဝေ့မှာ လွင့်ပါလာတဲ့ ပြာစအချို့ဟာ ဒေါက်တာယွန်းရဲ့ ခန္ဓာ ကိုယ်နဲ့ ဆံနွယ်အချို့ပေါ် ကပ်ငြိ လာပါတယ်။

သူ့ လက်ပေါ်မှာ တင်ကျန်နေတဲ့ ပြာစတွေဟာ အမေထိုင်နေကျ ဘုရားရှိခိုးဆောင်လေးရဲ့ အစိတ်အပိုင်း ၊ အမေ့အိပ်ရာလေး မီးကျွမ်းပြီး ထွက်လာတဲ့ပြာမှုန့် ၊ မီးထဲကိုပါသွားပြီ ဖြစ်တဲ့ သူတို့အိမ်ရဲ့ အစိတ်အပိုင်းတွေဖြစ်နိုင်တာကြောင့် ကပ်ငြိလာတဲ့ ပြာမှုန့်တွေကို ဒေါက်တာယွန်းတစ်ယောက် ဖယ်မပစ်ခဲ့ပါဘူး။

“အခါခါ ပြေးနေရတာတောင် လက်တွဲအတူပါခဲ့တဲ့ အမေလည်း မရှိတော့ဘူး။ မိသားစု တွေရဲ့ ချစ်မေတ္တာ အရိပ်အ‌ငွေ့တွေ လွှမ်းခြုံထားတဲ့ အိမ်လည်းမရှိတော့ဘူး။ အမေက အဲ့ဒီ ပြာမှုန်တွေကို မြင်နိုင်စွမ်းမရှိတော့ဘဲ လက်တွဲ ဖြုတ်သွားပြီ” လို့ ဒေါက်တာ ယွန်းက ပြောပြပါတယ်။

ဒေါက်တာယွန်း တစ်ယောက် စစ်ရှောင် ယာယီတဲထဲကနေ ထွက်ပြီး မွေးရပ်မြေဖြစ်တဲ့ ကောလင်းမြို့ဆီ လှမ်းကြည့်လိုက်တော့ မီးခိုးလုံးတွေဖိစီးနေတဲ့ မြို့ပျက်ကြီး ကိုသာ အဝေးကနေ မြင်နေရတာမို့ အိမ်ဆိုတဲ့ မွေးရပ်မြေကို ဘယ်တော့မှ ပြန်‌ခြေချနိုင်မယ်ဆိုတာ မသိနိုင်တော့ပါဘူး။

“အမေလည်းမရှိတော့ဘူး။ ပြန်စရာအိမ်လည်း မရှိတော့ဘူး။ လွမ်းတဲ့စိတ်ပဲရှိတယ်။ အိမ်ကနေ ထွက်လာခဲ့ရကတည်းက အမေက ကောင်းကောင်း မမာတော့ဘူး။ ရာသီဥတု ကြမ်းကြမ်းမှာ အမေဟာ ဒီသမီးကို ထားခဲ့ရက်ပြီ” လို့ ဒေါက်တာယွန်းက ပြောပါတယ်။

ဒေါက်တာယွန်းတို့ သားအမိဟာ ကောလင်းမြို့ရဲ့ ရွာတစ်ခုက ဒေသခံတွေ ဖြစ်ပါတယ်။

အင်အား ၁၀၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့ ညပိုင်းက ကောလင်းမြို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ဒေါက်တာ ယွန်းတို့ သားအမိဟာလည်း ကောလင်းမြို့ပေါ်ကနေ စစ်ရှောင်လာကြတာလို့ သိရ ပါတယ်။

“အမေက ဒီတစ်ခါပြေးရတာ နောက်ဆုံးဖြစ်နိုင်ကောင်းပါရဲ့အေ လို့ပြောခဲ့တာ။ ဒီတစ်ခါ စစ်ရှောင်ပြီးရင် မရှောင်ရတော့ဘူးလို့ ပြောတယ်ပဲ ထင်မိတာ။ အမေက ကျွန်မကို ဒီလိုမျိုး ထားခဲ့မယ်လို့ ဘယ်ထင်မိပါ့မလဲ” လို့ ဒေါက်တာယွန်းက ဆိုပါတယ်။

အသက် ၇၀ ကျော်အရွယ် ရှိနေပြီဖြစ်တဲ့ ဒေါက်တာယွန်းရဲ့ မိခင်ဟာ စစ်ရှောင်ရတဲ့ စိတ်ဒဏ်ရာ၊ အေးလွန်းတဲ့ ရာသီဥတုဒဏ်၊ စစ်ဘေးရှောင် နေရာတွေမှာ အသက်ရှင် ဖို့အရေး ခက်ခက်ခဲခဲ နေရတဲ့ဒဏ်တွေကြောင့် ကောလင်းမြို့ပေါ်ကနေ စစ်ရှောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

ဒေါက်တာယွန်းဟာ ပညာရေးဆိုင်ရာ ဒေါက်တာဘွဲ့ (ပါရဂူဘွဲ့) ယူထားသူမို့ စစ်ကောင်စီတပ်တွေ ကောလင်းမြို့ကို စစ်ကြောင်းထိုးဝင်ရောက် မလာခင်က ကောလင်းမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ခဲ့ပြီး ပညာရေးအတွက် အထူး အားထားရတဲ့သူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေး တပ်ဖွဲ့တွေဟာ ကောလင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က စတင် တိုက်ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့မှာတော့ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အုပ်ချုပ်ရေး စနစ် စတင်ဖော်ဆောင်‌ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ကို NUG အစိုးရ ထိန်းချုပ်ခဲ့ပြီး သုံးလ အကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ မြို့ရဲ့အဓိက နေရာတွေကို ဝင်ရောက် ထိန်းချုပ်ခဲ့ပါတယ်။

မြို့ပေါ်မှာရှိတဲ့ နေအိမ်တွေကိုသာမကဘဲ ကျွန်းလှခုံ၊ ဆေးမင်းခုံ၊ ဝါးရုံခုံတို့အပါအဝင် ရွာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၃၀၀၀၀ နီးပါး စစ်ဘေးရှောင်ခဲ့ရပြီး ဒေါက်တာယွန်းတို့လည်း အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရပါတယ်။

စစ်ကောင်စီဟာ ကောလင်းမြို့ပေါ်မှာရှိတဲ့ အထပ်မြင့်တိုက်နဲ့ အဆောက်အဦးအချို့မှာ ဝင်ရောက် တပ်စွဲနေရာယူပြီး ကျန်တဲ့ နေအိမ်အဆောက်အဦးတွေကို ပစ်ကွင်းရှင်းတဲ့ အနေနဲ့ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဒီတစ်ခါ စစ်ပြေးရတာ ဘာမှသယ်မလာနိုင်ဘူး။ အမေ့လက်ကိုဆွဲပြီး ပြေးလာတာ။ အချိန်တန် အိမ်ပြန်ခွင့်ရမယ်ပဲ တွက်ထားတာပါ။ အခုက အကုန်မီးထဲပါသွားပြီ။ မြို့ကို ပြန်ရင်တောင် ဘယ်ဟာက ကိုယ့်အိမ်နေရာဆိုတာ မှတ်မိမယ် မထင်တော့ဘူး။ ပြာပုံ အတိ ဖြစ်သွားပြီလေ”ဟု ဒေါက်တာယွန်းကပြောပါတယ်။

ကောလင်းမြို့ပေါ်မှာ ရပ်ကွက် ရှစ် ခုရှိပြီး စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်း ထိုးမှုကြောင့် အဆိုပါ ရပ်ကွက် ရှစ်ခုလုံးသာမကဘဲ ရွာပေါင်း ၂၅ ရွာက ဒေသခံ ပြည်သူတွေပါ စစ်ရှောင်ခဲ့ကြရပါတယ်။

ကောလင်း ဒေသခံပြည်သူတွေဟာ NUG အုပ်ချုပ်ရေး စနစ် စတင်ဖော်နေတဲ့ ယခုနှစ် မှာတော့ သူတို့ရဲ့ ဆန်စပါးတွေကို အကုန်ရောင်းချတာမျိုး လုပ်ဆောင်ခြင်း မရှိဘဲ မျိုးစပါးနှင့် ရိက္ခာစပါးအတွက်ပါ သိုလှောင်ခဲ့ကြပါတယ်။

ကောလင်းမြို့ပေါ်နဲ့ကျေးရွာတွေကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေ သိုလှောင်ထားတဲ့ ဆန်စပါးတွေကို ကားတွေနဲ့ နိုင်သလောက် ယူဆောင်သွားကြပြီး ကျန်နေတဲ့ ဆန်စပါးတွေကို နေအိမ်များနှင့်အတူ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တာလို့ ဒေါက်တာယွန်းက ပြောပြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နေအိမ်တွေမှာ ကျန်ရှိနေတဲ့ ဒေသခံအချို့ကိုလည်း စစ်ကောင်စီက ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်တွေ ပြုလုပ်ခဲ့တယ်လို့ စစ်ဘေးရှောင် တွေဆီက တဆင့် ပြန်လည်ကြားသိရပါတယ်။

ကောလင်းမြို့ထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ရက်နေ့က ကောလင်းမြို့ထဲ ဝက်စာလာပြန်ကျွေးတဲ့ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြင်ဦးလွင်ရပ်ကွက်က အမျိုးသမီးတစ်ဦးကိုလည်း အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ Kawlin Info က အတည်ပြု ပြောကြားထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကောလင်းမြို့ ကျော်ဇေယျာရပ်ကွက်မှာရှိတဲ့ ဒေသခံ ပြည်သူ ၁၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ ဒေသခံ ၁၅ ဦး နဲ့ပတ်သက်တဲ့ အကြောင်းကိုတော့ ဒီကနေ့အထိ သိရှိရခြင်း မရှိတော့ပါဘူး။

“ကောလင်းပကဖနဲ့ အဖွဲ့တွေက ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက စပြီး ကျွန်မတို့ကို စစ်ရှောင်ခိုင်းတာပါ။ ကျွန်မတို့က နေလို့ရနေသေးတော့ မရှောင်မိဘူး။ တိုက်ပွဲ အပြင်း အထန်ဖြစ်လာတော့မှ အမေ့လက်ကိုဆွဲပြီး ကသုတ်ကရက် ပြေးရတာ။ အမေ့ကို ဒီလောက်လိုအပ်ခဲ့မှန်း တကယ် မသိခဲ့ဘူး။ အမေက ကိုယ့်ကိုအားကိုးနေရတယ်လို့ပဲ မှတ်ယူခဲ့တာ။ အခုမှ အမေ့ကို အားကိုးနေခဲ့ရတာက ကျွန်မဆိုတာ သိလာရတယ်”ဟု ဒေါက်တာယွန်းကပြောပါတယ်။

ဒေါက်တာယွန်းဟာ စစ်တပ် အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တက္ကသိုလ်တစ်ခုရဲ့ ကထိကအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တာဖြစ်ပြီး တွဲဖက် ပါမောက္ခအဖြစ် ရာထူးတိုးဖို့ အတွက် အခွင့်အလမ်းများစွာရှိနေသူ တစ်ဦးလို့ သိရပါတယ်။

စစ်တပ် အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ ဒေါက်တာယွန်းဟာ ကထိကရာထူးကနေ CDM- Civil Disobedience Movement ပြုလုပ်ခဲ့ပြီး မိခင်ရှိတဲ့ ကောလင်းမြို့မှာ ပြန်လည်အခြေချနေထိုင်ကာ ငရုတ်သီးစိုက်ပျိုးရင်း ဘဝကို သားအမိနှစ်ယောက်တည်း ရပ်တည်နေခဲ့တာပါ။

ငရုတ်စိုက်ပြီး ဖြတ်သန်းနေရပေမယ့် စစ်ကောင်စီက ကြောင်းထိုးလာတဲ့ အခါမျိုးမှာ တော့ ရွာကနေရှောင်နေရလို့ ငရုတ်ခင်းတွေလည်း ဖြစ်ဖြစ်မြောက်မြောက် မရှိဘဲ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ဘယ်လိုခက်ခဲပါစေ တစ်ခါမှ စိတ်ဓာတ်မကျဖူးဘူး။ ပြန်ပြီး အလုပ်ဝင်ဖို့ တိုက်တွန်း တာတွေရှိသလို အလုပ်ပြန်လုပ်ဖို့ ခေါ်တာတွေရှိပေမယ့် Non CDM ပြန်လုပ်ဖို့တော့ တွေးကို မတွေးခဲ့ဘူး။ ရအောင်ရပ်တည်ခဲ့တယ်။ နေစရာအိမ်ရှိတယ်။ အမေရှိတယ်ဆိုပြီး အားဖြစ်ခဲ့ပါတယ်။ အခုတော့ အမေလည်းမရှိတော့ဘူး။ ပြန်စရာအိမ်လည်း မရှိတော့ပါဘူး” လို့ ဒေါက်တာယွန်းက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့ကို စစ်ကြောင်း ၆ ကြောင်းခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲ့ဒီလို ဝင်ရောက်လာတဲ့အခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအပြင် ပျူစောထီးနဲ့ ထောင်တွင်းက အကျဉ်းသားတွေ၊ ပေါ်တာဆွဲခေါ်လာတဲ့ ဒေသခံတွေကို စစ်ကြောင်း ရှေ့မှာထားပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ခရိုင်ပကဖတာဝန်ခံ ရဲဘော် ဇော်အောင်က The Call ခေါ်သံနှင့် မေးမြန်းခန်းမှာ ဖြေကြားထားပါတယ်။

“ကျွန်မမှာ ဒီ့ထက်ဆုံးရှုံးစရာ မရှိတော့ဘူး။ လိုချင်တာကတော့ စစ်အာဏာရှင် အမြစ် ပြတ်ဖို့ကို လက်မလျှော့ဘဲ ဆက်ပြီး တော်လှန်စေချင်တာပါ။ တစ်နေ့တော့ စစ်ကောင်စီ မရှိတဲ့မြေမှာ မတ်မတ်ရပ်မယ်။ အခုလည်း နိုင်တဲ့ဘက်က ပါဝင်သွားမယ်” ဟု ဒေါက်တာယွန်းကပြောပါတယ်။

စစ်အတွင်းမှာ နေစရာအိမ်မရှိတော့တဲ့သူတွေ၊ မိသားစုမရှိတော့တဲ့သူတွေ၊ ခြေလက် အင်္ဂါ အစုံအလင်မရှိတော့တဲ့သူတွေမှာ ဆုံးရှုံးစရာလည်း ထပ်မရှိတော့တာမို့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးကသာ တစ်ခုတည်းသောဆန္ဒလို့ ဒေါက်တာယွန်းက ဆိုပါတယ်။

ဒေါက်တာယွန်းဟာ သူ့ရဲ့ လက်ရှိ ခံစားမှုတွေနဲ့ ပတ်သက်ပြီး ယခုလို ထပ်မံ ပြောကြားလာပါတယ်။

“စိတ်ဒဏ်ရာတွေကတော့ အများကြီး ကုသဖြေသိမ့်ယူရမှာပဲ။ အခုဆိုရင် လေသင့်လို့ လွင့်ပါလာတဲ့ ပြာတွေကိုတောင် ကျွန်မ ဖယ်မပစ်ရက်ခဲ့ဘူး။ ပြာတွေဟာ အမေ့ရဲ့ အငွေ့အသက်တွေ၊ ကျွန်မကို မွေးဖွားခဲ့တဲ့ အိမ်လေးရဲ့ နောက်ဆုံး အငွေ့ အသက်တွေပါ ”

#ကောလင်းမြို့က #ပြာစများ #ဆောင်းပါး
#Ayeyarwaddy_Times