ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့ နယ်၊ဝိုင်းအုပ်စု၊ကန့်နီကျေးရွာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့လာတဲ့ စစ်ယာဥ်တန်း ၃ စီးကို ကန့်နီရွာ မရောက်ခင်လမ်းခုလတ်တနေရာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် PDF က ထုတ်ပြန်ပါတယ်။

အဲ့ဒီလို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ အုတ်ဖိုမြို့နယ်အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ တပ်ရင်း မှ စစ်ကောင် စီတပ်ဖွဲ့ဝင် ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က ကန့်နီရွာ စစ်တပ်သတင်းပေး ရာအိမ်မှူး ခင်စိန် ပစ်သတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး ဝိုင်းအုပ်စုနဲ့အနီးတဝိုက်က တခြား စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးပိုင်းကလူတွေက ကြောက်လန့်ပြီး နှုတ် ထွက်လိုတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ဆိုပြီး လာရောက်တဲ့စစ်ကားတွေ မိုင်းဆွဲခံရတာလို့ ဒေသခံတဦးကပြောပါတယ်။

” ခုရက်ပိုင်းထဲ ရာအိမ်မှူးခင်စိန်ပစ်သတ်ခံရတာရယ်။ နောက်ပြီးသာယာဝတီခရိုင်ထဲက အုပ်ကြီးတွေ၊ရာအိမ်မှူးတွေတောက်လျှောက်အရှင်းခံနေရတာဆိုတော့ တခြားအနီးအနားက ရွာအုပ်ချုပ်ရေးပိုင်းမှာပါတဲ့သူတွေကလန့်နေပြီ၊ ဆက်မလုပ်ချင်တော့ဘူး။ အဲ့တာကိုတပ်က သူတို့ထွက်မှာကြောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ပေးမယ်ဆိုပြီး လာတာမှာလမ်းမှာမိုင်းဆွဲခံရတာ” လို့ အုတ်ဖိုဒေ သခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ( ၃၈ဝ၂)၊တပ်ခွဲ( ၄ ) နဲ့ ကြို့ပင်ကောက် Hero တပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ပါတယ်။