
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်
ယမန်နေ့ ညပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့မရဲစခန်းရှေ့တွင် ဗုံးပေါက်ကွဲစဥ် ဖြတ်သန်းသွားလာသည့် ကားတစ်စီးကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ဒေသခံ ၁ ဦး သေဆုံးကာ ၂ ဦး အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။
အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၃ ဦး စီးနင်းလိုက်ပါလာသည့် ကားမှာ မူဆယ်မြို့မရဲစခန်းရှေ့တွင် ဗုံးပေါက်ကွဲစဥ် ဖြတ်သန်းသွားလာခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က မရပ်ပေးသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအချို့က ဆိုသည်။
” ရဲစခန်းရှေ့မှာ ပေါက်ကွဲမှုဖြစ်တော့ အခုပြည်သူတွေရဲ့ ကားက ရဲစခန်းရှေ့ကို ဖြတ်လာတာ။ အဲ့ဒါကို ရဲတွေက ရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး ပစ်ဘဲ ရမ်းပစ်လိုက်တာ။ ၃ ယောက် ထိတယ်။ ညတွင်းချင်းပဲ ၂၄ နှစ်အရွယ် အမျိုးသားတစ်ယောက် ဆုံးသွားတယ်။ ကျန် ၂ ယောက်လည်း အခြေအနေမကောင်းဘူး” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ို ပြောသည်။
ပစ်ခတ်ခံရသည့် ဒေသခံ ၃ ဦးအနက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန် ၂ ဦးမှာလည်း အသက်အန္တရာယ်စိုးရိမ်ရကြောင်း လက်ရှိတွင် မူဆယ်ဆေးရုံ၌ ကုသမှုခံယူနေကြောင်း သိရသည်။
ယမန်နေ့ည တစ်ညတည်း၌ပင် မူဆယ်မြို့ နေရာ ၄ ခု ဗုံးပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ်ပေါက်ကွဲမှုမှာ မြို့မရဲစခန်းရှေ့၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။