
နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ်၂ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြိုပင်ကောက်မြို့နယ် ရုံးချောင်းရွာရှိ ကံရတနာ ဘုန်းတော်ကြီးကျောင်းသို့ အရုဏ်ဆွမ်း ကပ်ရန်လာသည် အမျိုးသားတစ်ဦးကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၄ နာရီခန့်က အဆိုပါကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်၏ သေနတ်ဖြင့် ပစ်ခတ်ခြင်း ခံရသူမှာ အသက် ၇၀ နှစ်အရွယ် ဦးတင်ငွေဖြစ်ပြီး ကြိုပင်ကောက် ဆေးရုံမှတဆင့် ရွှေတောင် စစ်ဆေးရုံသိုပြောင်းရွှေ ခေါ်ဆောင်သွားကြောင်းသိရသည်။
“ရွာမှာက အလှည့်ကျ ဆွမ်းပို့တဲ့စနစ်နဲ့ ဘုန်းကြီးကျောင်းကိုပို့နေကြတာလေ။ ဒီကနေ့ မနက်အရုဏ်ဆွမ်း အလှည့်ကျတာက. ဦးတင်ငွေ + ဒေါ်အမကြီး တို့အလှည့်ကျတာ။ အရုဏ်ဆွမ်း ဆိုတော့ ဒီနေ့ မနက် ၄ နာရီထိုးလောက် သူတို့လင်မယားနှစ်ယောက် ဆွမ်း လာပို့တဲ့အချိန် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က သေနတ်နဲ့ ပစ်လိုက်တာ” ဟု ကံရတနာ ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ မတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်က ရုံးချောင်းရွာသို့ရောက်ရှိလာကာ ကံရတနာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနက်အစောကြီး သေနတ်သံကြားလို့ ထကြည့်တာ ဘုန်ကြီးကျောင်းကို ဆွမ်းလာ ကပ်တဲ့ လင်မယား နှစ်ယောက်ကို စစ်သားက သေနတ်နဲ့ပစ်တာ။ ယောက်ျားဖြစ်တဲ့သူကို ထိသွားတာ။ သေနက်နဲ့ နှစ်ချက် ပစ်တာ ပေါင်ကို ထိပြီး ပစ်လဲသွားတာ” အမည်မဖော် လိုသည့် ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ထပ်မံပြောကြားသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်း ကံရတနာ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချ တပ်ဆွဲရန် ခွင့်တောင်းစဉ်က ကျေးရွာမှနေ၍ အလှည့်ကျ အရုဏ်ဆွမ်း ကပ်မှုများ ရှိသောကြောင့် နံနက်စောစောတွင် ကျောင်းသို့ ဒေသခံများလာရောက်ကြကြောင်း ကျောင်းထိုင်ဘုန်းကြီးက အသိပေးထားကြောင်း သိရသည်။
“စခန်းချရင်တော့ အရုဏ်ဆွမ်းကို ရွာက အလှည့်ကျလာကပ်တာရှိတယ်။ ဒါကြောင့် မနက် အစောပိုင်းမှာ ရွာသားတွေ ဆွမ်းလာလာကပ်တယ်ဆိုတာကိုတော့ ပြောပြထားတယ်။ အဲ့ဒါတောင် ဆွမ်းလာကပ်တဲ့သူကို သေနတ်နဲ့ပစ်တာခံရတယ်” ဟု ဒေသခံက ဆိုသည်။
ပုံစာ-စစ်ကောင်စီတပ်က စခန်းချနေသည့် ကံရတနာဘုန်းတော်ကြီးကျောင်း
#ရုံးချောင်းကျေးရွာ #ဘုန်းကြီးကျောင်း #တပ်စွဲ #စစ်ကောင်စီတပ် #အရုဏ်ဆွမ်း #ဒေသခံ #သေနတ်ဖြင့်ပစ်ခတ်ခံရ #Ayeyarwaddy_Times