
အယိုက်လင်း၊ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
ချင်းပြည်နယ်၊ မင်းတပ် မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်-မင်းတပ်က ယနေ့ မတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
မင်းတပ် မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ၎င်း၏ G3 သေနတ် တစ် လက်နှင့် ကျည်ဆန် ၃၄ တောင့်ဖြင့် CDF(မင်းတပ်)ထံ ဆက်သွယ်အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
“သူ့က CDM ဝင်ချင်တယ်ဆိုပြီး ဆက်သွယ်လာတာ ကြာပါပြီ။ တစ်ခြား ရဲတွေလည်း ဆက်သွယ်လာတာတွေ ရှိတယ်။ အခြေနေအရ ထွက်လာလို့ မရသေးတာ ဖြစ်ပါတယ်။ အခု CDM လုပ်လာတဲ့ ရဲတပ်သားက လက်နက်ခဲယမ်းပါလာတာကြောင့် ဆုငွေ သိန်း၅၀ ချီးမြှင့်တယ်။ ပြီးတော့ သူသွားချင်တဲ့ နေရာကို ကျွန်တော်တို့ကနေ ပို့ဆောင်ပေးသွားမှာဖြစ်တယ် “ဟု CDF(မင်းတပ်)၏ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလင်းဝင်ရောက်လာသည့် ရဲတပ်သားသည် ကိုယ်ပိုင်အမှတ် လ – ၂၉၇၀၃၃ ရဲဘော် လှိုင်မင်းထွန်းဟုသိရှိရပြီး ၎င်းသည် လက်နက်ခဲယမ်းအပြည့်စုံဖြင့် အလင်းဝင်ရောက်လာသောကြောင့် ဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ရဲတပ်သား လှိုင်မင်းထွန်းသည် ရခိုင်ပြည်နယ် ဇာတိ ဖြစ်ကာ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့်အတွက် ၎င်းအနေဖြင့် နေရပ်ပြန်လိုပါက CDF(မင်းတပ်)မှ စီစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လိုပါက သက်ဆိုင်ရာဌာနအသီးသီတွင် ပြန်လည်တာဝန်ထမ်းဆောင် နိုင်ကြောင်း သိရသည်။
#ချင်းပြည် #မင်းတပ်မြို့ #ရဲတပ်သား #လက်နက်ခဲယမ်း#အလင်းဝင်ရောက် #Ayeyarwaddy_Times