
ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်နေ့
လတ်တလော စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်း၊ကလေးမြို့၊တပ်ဦးသီတာရပ်ကွက်၊ အေးချမ်းမေတ္တာဆေးရုံရှေ့ ဗိုလ်ချုပ်လမ်းပေါ်တွင် မတ်လ ၁ရက်နေ့ ညနေ ၄ နာရီခန့်က လမ်းသွားလမ်းလာခြောက်ဦးကို လက်နက်ကိုင်ဆောင်ထားသော လူ လေးဦးခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လူ လေးဦးသည် ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ထားပြီး လမ်းသွားလမ်းလာ အမျိုးသမီး လေးဦးနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီး ဒူးထောက်စေကာရိုက်နှက်ထိုးကြိတ်၍ ပါလာသောဖုန်းခြောက်လုံး၊ ရွှေနားကပ်တစ်စုံ၊ ဘဏ်ကဒ်များ အပါအဝင် ကာလတန်ကြေး သိန်း ၃၀နီးပါးကို လုယူသွားကြောင်း ဓားပြတိုက်ခံရ သူများထံက သိရသည်။
“မိန်းကလေးတစ်ယောက်ကိုဆိုရင် နားကပ်ချွတ်ခိုင်းတာ။ချွတ်မရလို့ နားရွက်ကိုဖြတ်ပစ်မယ်လုပ်တာ။ပြီးတော့ အဲ့ထဲက တစ်ယောက်ကလည်း ကျွန်တော်ကားသမားပါလို့ပြောတာကို ရိုက်နှက်တယ်။ပြီးတော့ ပါလာသမျှ အားလုံးယူသွားတယ်။”ဟု ဓားပြတိုက်ခံရသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင်လည်း မတ်လ ၁ရက်နေ့၊ နေ့လည် ၁နာရီခန့်က လုယက်မှုတစ်ခုဖြစ်ပွါးခဲ့ပြီးလူငယ်နှစ်ဦး ဆိုက်တွဲအပြာရောင်ဖြင့်လုယက်ခဲ့သောကြောင့် လမ်းဘေးမုန့်ပဲသရေစာရောင်းသည့်ဆိုင်မှ ငွေကျပ်သုံးသောင်းခန့်ပါသွားကြောင်း သိရသည်။
လက်ရှိတွင် ကလေးမြို့အတွင်း စစ်ရေးတင်းမာမှုများပြင်းထန်နေခြင်းကြောင့် အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ အိမ်တွင်းအိမ်ပြင်မထွက်ကြသဖြင့် မြို့ထဲတွင် လူသွးလူလာ ပြတ်လပ်နေသည့်အတွက် ဓားပြမှု၊လုယက်မှုများလည်း အဖြစ်များလာကြောင်းသိရသည်။
ပုံစာ-ကလေးမြို့၊တပ်ဦးသီတာရပ်ကွက် အေးချမ်းမေတ္တာဆေးရုံ
#ကလေးမြို့ #ဓားပြမှုလုယက်မှု #စစ်ရေးတင်းမာ #စစ်ကိုင်းတိုင်း #Ayeyarwaddy_Times