
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအရှိန် မြင့်နေပြီး စစ်ဘေးရှောင်များ များပြားနေသော်လည်း စစ်ကောင်စီက စာစစ်ဌာန ၆၉ ခုဖွင့်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအနှံ့အပြားတွင် စစ်မက်ဖြစ်ပွားနေ၍ မြို့ပေါ်တွင်နေထိုင်သူ နည်းပါးကာ မြို့ခံအများစုထွက်ပြေးတိမ်းရှောင်နေသော်လည်း ပညာရေးစနစ်သစ် KG+ – Grade 12 ၊ တက္ကသိုလ်ဝင်တန်း ( Grade 12) ၏ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပ ဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။
“စာမေးပွဲကျင်းပဖို့အတွက် နေရာအများစုက မဖြစ်နိုင်ဘူးလေ။ မြို့မှာလူမှ ရှိတာကို။ စစ်တွေမှာ (စာမေးပွဲ) ဖြေခိုင်းတယ် ကြားတယ်။ စစ်တွေကလည်း အခုအခြေအနေမကောင်းလို့ထွက်ပြေးနေကြတာ။ ဘယ်သူလာဖြေမလဲ။ တချို့ဆို ရန်ကုန်တောင်ရောက်နေပြီ” ဟု ကျောင်းသားမိဘတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိဖြစ်ပေါ်နေသောအခြေအနေအရ ရခိုင်ပြည်တွင် စာစစ်ဌာန ၆၉ ဖွင့်လှစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည်ဖြစ်ပြီး သင့်တော်ရာစာစစ်ဌာနအလိုက်ပေါင်း၍ စစ်ဆေးခြင်း၊ နေရာပြောင်းရွှေ့စစ်ဆေးခြင်းနှင့် စာမေးပွဲမေးခွန်းလွှာများကို လုံခြုံစွာ ရောက်ရေးအပါအဝင် လုံခြုံရေးကိစ္စများပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရထံက သိရသည်။
ရခိုင်ပြည်နယ်တွင် ယမန်နှစ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၁၂၂ ခုဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူ လေးသောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ပေါ်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီ၏ တစ်ဖက်သပ် ပစ်ခတ် တိုက်ခိုက်မှုများနှင့် ဒေသခံများကိုဖမ်းဆီးစစ်ဆေးမှုများကြောင့် မြို့ပေါ်တွင်နေထိုင်သူ နည်းပါးနေပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က စစ်ကောင်စီ၏ ရေတပ်စစ်င်္ဘောမှနေ၍ စစ်တွေမြို့၊ ကိုရီးယား ဆိပ်ကမ်းဈေးအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက်သဖြင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ ၃၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၀ နီးပါးရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။
စစ်တွေမြို့နှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေချိန်မဟုတ်သော်လည်း အများပြည်သူလူထု ဈေးရောင်း၊ ဈေးဝယ်၊ လူစည်ကားနေချိန်တွင် လူအစုလိုက် အပြုံလိုက်သေဆုံးစေရန် ရည်ရွယ်ရှိရှိဖြင့် စစ်ကောင်စီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဓာတ်ပုံ -ဧရာ၀တီတိုင်းမ်
#ရခိုင်ပြည်နယ် #စစ်ရေးအရှိန်မြင့် #စစ်ကောင်စီ #စာစစ်ဌာန၆၉ခု #တက္ကသိုလ်ဝင်တန်းစာမေးပွဲ #Ayeyarwaddy_Times