
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
မကြာခင်ကပြဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး စစ်ကောင်စီဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်း ရေးမှူး Mr. Marcoluigi Corsi တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi သည် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီးဆွေးနွေးကြောင်း၊ စစ်ကောင်စီတပ်အတွင်း အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် (Country Task Force on Monitoring and Reporting – CTFMR) နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများပါဝင်ကြောင်းသိရသည်။
အဆိုပါ CTFMR အစီအစဉ်သည် စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ကလေးသူငယ်များကို တပ်သားအဖြစ်စုဆောင်းခြင်းနှင့် အသုံးပြုခြင်းတို့ကိုတားဆီးနိုင်ရန်အပါအဝင် ကလေးသူငယ်များနှင့် လူမှုအသိုင်းအဝိုင်းများကို ကာကွယ်စောင့်ရှောက်ရန်လုပ်ဆောင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် CTFMR ကို ၂၀၁၇ ခုနှစ်ကစတင်ထည်ထောင်ခဲ့ပြီး ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးတို့က ပူးတွဲဥက္ကဌအဖြစ်တာဝန်ယူရပြီး သက်ဆိုင်ရာအေဂျင်စီများ ( UN RCO၊ UNICEF၊ ILO၊ UNFPA၊ UNHCR၊ UN OCHA ၊ WFP အပါအဝင် Save the Children နှင့် World Vision တို့ပါဝင်ကြသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ယောက်ကျားလေး အသက် ၁၈ ကနေ ၃၅ ကြားနှင့် မိန်းကလေး အသက် ၁၈ ကနေ ၂၇ ကြားအပါအဝင် ကျွမ်းကျင်သူဖြစ်ပါက ယောက်ကျားလေး အသက် ၁၈ ကနေ ၄၅ ထိနှင့် မိန်းကလေး ကျွမ်းကျင်သူဆို အသက် ၁၈ ကနေ ၃၅ ထိ ပြည်သူ့စစ်မှုထမ်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
#UN #ကုလသမဂ္ဂ #စစ်ကောင်စီ #ကာကွယ်ရေးဝန်ကြီး #ဗိုလ်ချုပ်ကြီးတင်အောင်စန်း
#Ayeyarwaddy_Times