မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁ ရက်

စစ်ကောင်စီက စစ်ရေးပြင်းထန်နေသည့် နယ်‌မြေများ၌ တပ်ရင်းမှူးများကို စစ်ဦးစီးမှူး(ပထမတန်း)အဖြစ် ရာထူးတိုးပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်၊ တနင်္သာရီနှင့် ကရင်နီ ပြည်နယ်များသို့ ရာထူးတိုး ရွှေ့ပြောင်းခံရသည့် စစ်ဦးစီးမှူးများ၏ မိသားစု၀င်များသည် လာဘ်ထိုး၍ မရွှေ့ပြောင်းရ ရေးအတွက် လိုက်လံဆောင်ရွက်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“ရာထူးတိုးတယ်ဆိုပေမယ့်လည်း တကယ့်ပစ်နေတဲ့နေရာ၊ တိုက်ပွဲနေရာတွေသွားရ တော့ မိသားစု၀င်တွေ ငိုကုန်ကြပြီ။ ရင်းမှူးတွေလည်း ပြာကုန်တယ်။ မပြောင်းရ ရေးအတွက် လိုက်တော့ ချိတ်နေကြတယ်။ စာထွက်လာပြီဆိုတော့ ချိတ်လို့လည်း မရလောက်တော့ဘူး။ သူတို့နေရာတွေကို ဘယ်သူတွေရောက်လာမလဲ မသိသေးဘူး”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြော သည်။

စစ်ကောင်စီက တပ်မ (၅၅) လက်အောက်ခံ ခမရ- ၅၁၂ (တီကျစ်)မှ ဒုဗိုလ်မှူးကြီး ၀ဏ္ဏစိုးကို ကော့ကရိတ်ရှိ စကခ-၁၂ သို့ပြောင်းရွှေ့ခဲ့ပြီး ဒုဗိုလ်မှူးကြီးအောင်ဇော်မင်း ကို တပ်မ(၁၁) လက်အောက်ခံ ခမရ -၂၁၁ (အင်းတိုင်)မှ လွိုင်ကော်ဒကစသို့ ရာထူးတိုးပြောင်း ရွှေ့ပေးလိုက်ကြောင်း သိရသည်။

ထို့အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၃ လက်အောက်ခံ ခမရ ၃၈၄ (ဆားမှော်)မှ ဒုဗိုလ်မှူးကြီး လှမိုးကိုလည်း စစ်တွေဒကစသို့ ပြောင်းရွှေ့ပေးလိုက်ကြောင်း သိရသည်။

တပ်မ (၇၇) ၊ တပ်မ (၅၅) ၊ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ဒုဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးများကိုလည်း ရခိုင်ပြည်နယ်ရှိ တောင်ကုတ်၊ အမ်း၊ စစ်တွေမြို့များသို့ ပြောင်းရွှေ့ပေးပြီး ကရင်နီရှိ လွိုင်ကော်မြို့သို့လည်း ရာထူးတိုးရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ မိသားစု၀င်များမှ အထက်အရာရှိများထံ ၎င်းတို့မပြောင်းရွှေ့ရရေးအတွက် လိုက်လံဆောင်ရွက်နေကြောင်းလည်း သိရသည်။

မကြာသေးမီက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ စစ်ကူပို့ခံရသည့် စစ်ကောင်စီ၏ ဧရာ၀တီတိုင်း ကျုံပျော်အခြေစိုက် ခလရ-၃၆ မှ တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ဘားအံအခြေစိုက် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၅ တပ်ရင်းကို မင်းပြားသို့စစ်ကူပို့ဆောင်ရာ တပ်ရင်း တစ်ရင်းလုံးနီးပါး သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဓာတ်ပုံ-AFP

ပုံစာ-နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေသို့ တက်ရောက်လာကြသော စစ်ကောင်စီတပ် အရာရှိများ (ပုံဟောင်း)

#စစ်ကောင်စီ #တပ်ရင်းမှူးများ #စစ်ဦးစီးပထမတန်း #ရာထူးတိုးပြောင်းရွှေ့ #Ayeyarwaddy_Times