မြရာ/ဧရာ၀တီတိုင်းမ်
မတ် ၁ ရက်

ရန်ကုန်မြစ်အတွင်းရှိ စစ်ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီးဆီချရန် စောင့်ဆိုင်းနေသည့် Jet A-1 လေယာဉ်ဆီတင် MV သင်္ဘောကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရန်ကုန်ပကဖ)ရေငုပ်အထူးတပ်ဖွဲ့မှ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြစ်အတွင်းရပ်ထားသည့် လေယာဉ်ဆီတင် သင်္ဘောကို ယနေ့ မတ် ၁ ရက်နေ့ နံနက် ၂ နာရီ၀န်းကျင်တွင် ပေါက်ကွဲမှုဖြစ်စေရန် TNT မိုင်းအသုံးပြု၍ မစ်ရှင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ပကဖတာ၀န်ရှိ သူတစ်ဦးထံက သိရသည်။

“ဒီသင်္ဘောက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက မြစ်၀ရောက်နေတာ။ အရင်က သီလဝါကိုပဲကပ်နေတဲ့ လေယာဥ်ဆီတင်တွေ ထီးတန်းဘက်လာရပ်မယ်လို့ ကြိုသတင်းရထားတာ။ ဒါကြောင့်သင်္ဘောရောက်လာ ကတည်းက အချိန်ယူပြင်ဆင်ပြီး ရေငုပ်ကျွမ်းကျင်ရဲ ဘော်တွေက မစ်ရှင်ဖော်ဆောင်ဖို့ စောင့်နေခဲ့ကြတာ” ဟု ရန်ကုန်တိုင်း ပကဖတာ၀န်ခံက ပြောကြားသည်။

ရန်ကုန်တိုင်းပကဖသည် အဆိုပါ ဖောက်ခွဲမှုမစ်ရှင်ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ စ၍ စနစ်တကျပြင်ဆင်ခဲ့ပြီး ဆီကန် ခုနစ် ကန်ရှိသည့်အနက် အငွေ့ကန်ကို မိုင်းကပ်နိုင်ရန် ပညာရှင်များနှင့် တိုင်ပင်၍ စနစ် တကျလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေယာဉ်နှစ်စီး ဒီဇယ်ပေးပို့နေစဉ် ရေမြုပ်ပတ်အပူလွန်ကဲ၍ ရှော့ခ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲရခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ကိုသန်းလွင် (၂၅) နှစ်၊ ကိုဝေယံထွန် (၁၉) နှစ် တို့သေဆုံးခဲ့ပြီး ကိုအေးမင်းထွေးနှင့် ကိုကျော်လင်းတို့နှစ်ဦး ပျောက်ဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းပကဖအနေဖြင့် အဆိုပါမစ်ရှင်ကိုလုပ် ဆောင်ရန် နှစ်ရက်ခန့် အချိန်ပေးခဲ့ရပြီး မစ်ရှင်လုပ် ဆောင်ပြီးနောက်တွင်လည်း ရဲဘော်များလုံခြုံစိတ်ချ ရသည့် နေရာရောက်မှ သတင်းထုတ်ပြန်မှုများပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုမစ်ရှင်ကြောင့် စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး လေယာဉ်ဆီပြတ်လပ်မှုဖြစ်သွားနိုင်၍ တော်လှန်ရေး အင်အားစုများ လုပ်စရာရှိသည်များကို အားစိုက်လုပ် ကိုင်ကြဖို့အရေးကြီးကြောင်း ရန်ကုန်တိုင်းပကဖက တိုက်တွန်းထားသည်။

အဆိုပါပေါက်ကွဲခဲ့သည့် ဆီတင်ရေယာဉ်သည် ဦးပိုင် ကုမ္ပဏီနှင့်ဖက်စပ်ကုမ္ပဏီဆိုင်ပိုင်သည့် လေယာဉ်ဆီ တင်ယာဉ်ဖြစ်ပြီး ဦးပိုင်မှလုပ်ပိုင်ခွင့်ရရှိထားသည့် အတွက် ထီးတန်းဆိပ်ကမ်းသို့ဆီချရန် ဆိုက်ကပ်လာ ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ရေယာဉ်ကို စစ်ကောင်စီဘက်မှ မီးငြိမ်းသတ်ယာဉ် ငါး စီး၊ အုပ်ချုပ်မှုယာဉ် တစ် စီး၊ ပြည်တွင်းရေကြောင်းမှ နတ်သားမီးသတ်ရေ ယာဉ် တစ် စီး၊ အပေါ့စားစက် ၁၀ လုံးနှင့် မီးသတ်တပ်ဖွဲ့ ၀င် ၈၀ ကျော်ဖြင့် မီးငြိမ်းသတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်လေယာဥ်၊ စစ်ရဟတ်ယာဥ်များတွင် အသုံးပြုမည့် လေယာဥ်ဆီ သယ်ဆောင်လာသည့် လေယာဥ်ဆီတင် သင်္ဘောကို ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့)က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက အတည် ပြုထားသည်။

ပုံစာ- – Myanmar Fire Services Department ၊ လူမှုကွန်ရက်
#ရန်ကုန် #ထီးတန်းဆိပ်ကမ်း #လေယာဉ်ဆီတင်သင်္ဘော #ဖောက်ခွဲ #ရန်ကုန်တိုင်းပကဖ #Ayeyarwaddy_Times