
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
အပူချိန်မြင့်မားကာ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်တက်သော အယ်လ်နီညိုရာသီဥတုသည် မတ်လအတွင်း အားအသင့်အတင့် သက်ရောက်လျက်ရှိကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်လေထုဖြစ်စဉ်များတွင် အားအသင့်အတင့်ရှိ သော အယ်လ်နီညို အခြေအနေတွင်ရှိနေကြောင်းသိရသည်။
အယ်လ်နီညိုရာသီဥတုသည် မတ်လမှ မေအထိသက်ရောက်မှုနိုင်ကာ ယခုမတ်လနှင့် ဧပြီလတွင် အယ်နီညိုကြောင့် အပူချိန်မြင့်တက်လာနိုင်ပြီး အပူချိန်လွန်ကဲနိုင်ကာ နေ့အပူချိန် ၃၉ ဒီကရီစင်တီဂရိတ်မှ ၄၁ ဒီကရီစင်တီဂရိတ် အထိရှိလာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနထံမှ သိရသည်။
“ ဒီရက်ပိုင်း နှစ်ရက် သုံးရက်ရှိပြီသိသိသာသာအပူလာတာ။ အပင်တွေမရှိတဲ့နေရာတွေပိုပူတယ်။ ဘယ်လိုများနေရမလဲမသိဘူး အခုအယ်နီညိုဆိုတော့” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ အယ်လ်နီညိုရာသီတုကြောင့် အပူချိန်လွန်ကဲကာ ရေငွေ့ပျံနှုန်းမြင့်တက်လာပြီး လေပွေလှိုင်းများ၊ လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းငယ်များ ရုတ်တရက်ဖြစ်ပေါ်နိုင်သဖြင့် အဖျက်မိုးဖြစ်ပေါ်နိုင်ကြောင်း MOHA က ထုတ်ပြန်ထားသည်။
ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်တို့တွင် ပျံကျမိုး၊ လေပွေလှိုင်းမိုးနှင့် ထစ်ချုန်း မိုးသက် လေပြင်းမိုးများဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုပြင် အစွန်းရောက်မိုးလေဝသဖြစ်စဉ်၏ သက်ရောက်မှုများဖြစ်သည့် မိုးခေါင်ရေရှားခြင်း၊ မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ယင်းအပြင် အပူချိန်ပြင်းထန်သဖြင့် အပူဒဏ်အန္တရာယ်အဖြစ် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးချည့်ခြင်း ၊ ကြွက်တက်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းအပါအဝင် တက်ခြင်းနှင့် သတိလစ်မေ့မျောခြင်းတို့ ခံစားရနိုင်သည့် အတွက် အထူးသတိပြု နေထိုင်ကြရန် ကျန်းမာရေးပညာရှင်များက နှိုးဆော်ထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
#အယ်လ်နီညို #Elnino #အပူချိန်မြင့်တက် #ကျန်းမာရေးသတိပြု #Ayeyarwaddy_Times