နွေဦးမောင်/ဧရာဝတီတိုင်းမ်
မတ်လ ၁ရက်

ဧရာဝတီတိုင်း၊ မြို့နယ်များအတွင်းရှိ ရဲဝန်ထမ်းဟောင်း ပင်စင်စားများအနေဖြင့် ရဲဝန်ထမ်းအသစ်စုဆောင်းပေးရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများထံက သိရသည်။

ဘဏ်များတွင် ပင်စင်လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းဟောင်းများကို စစ်ကောင်စီတပ်အရာရှိများက ရဲဝန်ထမ်းအသစ် စုဆောင်းပေးရန် မှာကြားမှုများရှိခဲ့ပြီး ရပ်ကွက် နယ်ထိန်းရဲများမှ တဆင့် ရဲဝန်ထမ်းဟောင်းများနှင့် ချိတ်ဆက်၍ လူငယ်များကို လိုက်လံစည်းရုံးမှုများ ပြုလုပ်နေကြောင်းသိရသည်။

“စစ်တပ်ထဲမှာ လူသစ်စုဆောင်းလို့အစဥ်မပြေတာနဲ့ ရဲတပ်ဖွဲ့ထဲဝင်ရောက်ဖို့ စည်းရုံးတာ။ အခုချိန်မှာက ရဲကော စစ်သားကော အတူတူပဲ။ ယူနီဖောင်းအရောင်ကွာပေမဲ့ ပြည်သူကိုအနိုင်ကျင့် ဗိုလ်ကျနေတာကအစ စိတ်ဓာတ်တွေကအတူတူပဲ။ သူတို့က နည်းပေါင်းစုံနဲ့ စစ်ထဲ ရဲထဲ ဝင်အောင်လုပ်နေတာ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ရဲတပ်ဖွဲ့သို့ ဝင်ရောက်ရန် စည်းရုံးနေသော်လည်း ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ် နယ်ခြားစောင့် အမှတ် (၂) တပ်ရင်းသို့ ပြောင်းရွှေခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း ဧရာ၀တီတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

“ရဲထဲဝင်ပြီးသားလူတွေတောင် ပြန်ထွက်ချင်လို့ထွက်မရဖြစ်နေတာလေ။ ရခိုင်ဘက်ကိုပြောင်း ရွှေ့ခံရတဲ့ ရဲတွေဆို တစ်ယောက်ပြီးတစ်ယောက်သေနေတာ။ မဖြစ်မနေ စစ်ထဲ ရဲထဲ ဝင်ရမယ်ဆိုရင်တော့ တော်လှန်ရေးအဖွဲ့ဆီသာ သွားလိုက်မယ်” ဟု ဧရာ၀တီတိုင်းအတွင်းရှိ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် လူသစ်စုဆောင်းမှုများအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ပထမပတ်က စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာတစ်ရွာလျင် လူငယ်အယောက် ၃၀ စီပေးရမည်ဟု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများမှတဆင့် တောင်းဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ ထံကသိရသည်။

#ရဲဝန်ထမ်းဟောင်းများ #စစ်ကောင်စီ #ရဲဝန်ထမ်းသစ်စုဆောင်းခိုင်း #Ayeyarwaddy_Times