
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
ဧပြီလအတွင်းပြုလုပ်မယ့် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားရဲ့ မည်သည့်ရန်စမှုမျိုးကို မဆို ချက်ချင်း လက်တုံ့ပြန်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ခ်ယိုလ်က သတိပေးလိုက်ပါတယ်။
“ဒီနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ လူမှုရေး ရှုပ်ထွေးမှုတွေနဲ့ လူထုကြား သဘောထားကွဲလွဲမှုတွေ ဖန်တီးဖို့ မြောက်ကိုရီးယားနိုင်ငံက ရန်စမှုအမျိုးမျိုးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖွယ်ရှိပါတယ်” လို့ ဆိုးလ်မြို့တော်တောင်ဘက်၊ ဂိုဆန်မြို့က ဗိုလ်သင်တန်းကျောင်းမှာပြုလုပ်တဲ့ အရန်တပ်ဖွဲ့ဝင်တွေ သင်တန်းဆင်း ပွဲတစ်ခုမှာ သူက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ခိုင်မာစွာ ဖြိုခွင်းဖို့ တောင်ကိုရီးယားစစ်တပ်ဟာ ပြည်သူတွေနဲ့ စည်း လုံးညီညွတ်ရမယ် လို့ ယွန်းဆတ်ခ်ယိုလ်က ဆိုပါတယ်။
အခြားအဖွဲ့အစည်းရဲ့ ကောင်းမွန်သော ရည်ရွယ်ချက်တွေအပေါ် မှီခိုရတဲ့ အတုအယောင်ငြိမ်းချမ်းရေး ထက် စွမ်းဆောင်ရည်နဲ့ အသင့်ဖြစ်မှုအပေါ် အခြေခံတဲ့ ပြည်သူ့အင်အားနဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်တယ်လို့ ၎င်း က ပြောပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားခြိမ်းခြောက်မှုတွေနဲ့ ဒုံးကျည်ရန်စမှုတွေပြုလုပ်ရာမှာ နျူကလီးယား လက်နက်တွေ လက်ဉီးအသုံးပြုဖို့ ဉပဒေအရ ခွင့်ပြုထားတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောတိုင်းပြည်ဖြစ်ပြီး တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် သတ်မှတ်ကာ သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေတယ်လို့ သူက ဆက်ပြောပါ တယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားကို စိန်မခေါ်ရဲဖို့ တောင်ကိုရီးယားအစိုးရနဲ့စစ်တပ်က အသင့်အနေ အထားရှိနေပြီး မြောက်ကိုရီးယားက ရန်စလာရင် ချက်ချင်း လက်တုံ့ပြန်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်ကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ဖို့ ယွန်း ဆတ်ခ်ယိုလ်က ကတိပြုခဲ့ပြီး ခိုင်မာသော တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုအပေါ် အခြေခံပြီး နိုင်ငံ တကာအသိုင်းအဝိုင်းနဲ့ စည်းလုံးညီညွတ်မယ်လို့ ပြောပါတယ်။
ကိုးကား – Yonhap
Ref; Yoon warns of overwhelming response to any N.K. provocation ahead of elections