
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
စစ်မှုမထမ်းလိုပါက ရဲတပ်ဖွဲ့အတွင်း ဝင်ရောက်နိုင်ပြီး လစာနှင့် အထောက်ပံ့များပေးမည်ဟု မက်လုံးပေးကာ ရဲတပ်သားသစ်များရရှိရေးအတွက် စုဆောင်းနေကြောင်း ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူများထံမှသိရသည်။
“နယ်ထိန်းတွေက လူငယ်တွေကို မင်းတို့တပ်ထဲဝင်ပြီး စစ်မှုမထမ်းချင်ရင် ရဲထဲဝင်လိုက် လစာလည်း နှစ်သိန်းကျော်မယ် ။ ပြီးတော့ လိုင်းခန်းပေးမယ်။ စစ်လည်းမတိုက်ရဘူး ဆိုပြီး မက်လုံးပေးခေါ်နေကြတယ် ။ ရှစ်တန်းအောင်တာနဲ့ရပြီ ကျန်တာဘာမှမလိုဘူးလို့ ပြောတယ်”ဟု ဝါးခယ်မမြို့နယ်မှ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရဲတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုချိန်တွင် ဥပဒေကို ခုတုံးလုပ်ကာ ရဲတပ်သားသစ်ရရှိရေးအတွက် နယ်ထိန်းများအနေဖြင့် အပူတပြင်ကြိုးစားနေကြကြောင်း သိရသည်။
“စစ်ကောင်စီ ရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေက တပ်ထဲဝင်ရမှာ စိုးရိမ်နေတယ်။ ဒီလိုအချိန်မှာ ရဲတွေက တပ်ထဲဝင်ရင်စစ်တိုက်ရမယ် လစာလည်းနည်းတဲ့အပြင် သေနိုင်တယ်။ မင်းတို့ ရဲထဲဝင်တာနဲ့ စစ်မှုထမ်းစရာမလိုတော့ဘူး အေးဆေးနေလို့ရတယ်။ အချိန်တန်ရင် ထွက်လို့လည်းရတယ် လို့ပြောတော့ လူငယ်တော်တော်များများက ရဲထဲဝင်နေကြတယ်” ဟု ဧရာဝတီတိုင်းအတွင်းမှ အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောသည်။
ရဲတပ်ဖွဲ့ မှ နယ်ထိန်းတစ်ဦးအနေဖြင့် တစ်လလျှင် တပ်သားသစ် တစ်ဦးရရှိအောင် စုဆောင်နေရပြီး တပ်သားသစ်ရရှိမှ ရာထူးတိုးခြင်းနှင့် အခြားအခွင့်အရေးများရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။
ဓာတ်ပုံ-ဧရာဝတီတ်ိုင်းမ်( ပုံဟောင်း)
#စစ်မှုထမ်းဥပဒေ #ဧရာဝတီတိုင်းရဲတပ်ဖွဲ့ #ဝါးခယ်မ #Ayeyarwaddy_Times