ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေကို စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ရာ မြို့မစျေးအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁၀ဦးသေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၂၉ရက် မနက် ၈နာရီ ၁၅မိနစ်ခန့်က စစ်တွေပွိုင့် ရေတပ်စခန်းအနီးတွင် ကျောက်ချထားသော စစ်သင်္ဘောမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် စစ်တွေမြို့မစျေးအတွင်း ကျရောက်ပေါက်ကွဲပြီး စျေးအတွင်းရှိပြည်သူ ၁၀ဦးခန့်သေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တွေဒေသခံများထံမှ သိရသည်။
”စျေးထဲလူစည်ကားတဲ့အချိန် ရွေးပစ်လိုက်တော့ လက်နက်ကြီးကျည်ကျတာမှာ လုံးဝမလှုပ်နိုင်ဘဲ လဲကျကုန်တာ ၁၀ယောက်နီးပါးပဲ။ ခေါင်းတွေ ခြေတွေ လက်တွေထိကုန်သူတွေလည်းများတယ်။ ပွိုင့်ထိပ်မှာ ရပ်ထားတဲ့ ရေတပ်က ပစ်တယ်လို့တော့ သိထားတယ်”ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီက စျေးကို ပိတ်ထားလိုက်ပြီး လမ်းများကိုပါ လုံခြုံရေးထူထပ်စွာချ၍လမ်းသွား လမ်းလာပြည်သူများကို စစ်မေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ကောင်စီက စစ်တွေမြို့အတွင်း စီမံချက်မျိုးစုံရေးဆွဲ စစ်ပြင်ဆင်လျှက်ရှိပြီး ၎င်းတို့၏ တပ်မိသားစုဝင်များကို ရန်ကုန်၊ နေပြည်တော်နှင့် သံတွဲမြို့များသို့ ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ ပြောင်းရွှေ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တပ်မိသားစုဝင်များအပြင် စစ်ဘက်ဆိုင်ရာ အရာရှိများပိုင်ဆိုင်သည့် အိမ်စီးကားများနှင့် ဌာနဆိုင်ရာမှကားများကိုပါ သင်္ဘောများနှင့် ရန်ကုန်သို့ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့သေးသည်။
ယနေ့ ဖေဖော်ဝါရီ ၂၉ရက်နေ့သည် ရက္ခိုင့်တပ်တော် AAက စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာစစ်ဌာနချုပ် ဒကစတစ်ခုလုံးလက်နက်ချအညံ့ခံရန် အချိန်ပေးထားသည့် နောက်ဆုံးနေ့လည်း ဖြစ်သည်။
#စစ်တွေမြို့ #မြို့မစျေး #စစ်ကောင်စီ #လက်နက်ကြီးကျည် #ကျရောက်ပေါက်ကွဲ #Ayeyarwaddy_Times