ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁ ရက်

ဇူလိုင်လ (၂၉)ရက်နေ့ နံနက် (၇) နာရီခွဲဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စကခ (၈) ပိန္နဲတောစခန်းမှ လက်နက်ကြီး (၇) လုံးပစ်ခတ်ခဲ့​ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအပေါ် ကိုးကားပြီး ကေအဲန်ယူ သထုံခရိုင်က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ စကခ (၈) ပိန္နဲတော စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူ သထုံမြို့နယ် မင်းလွင်ကျေးနယ်အုပ်စု၊ ထီးညာလူ ကျေးရွာအတွင်းသို့ (၂) လုံးကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူ (၁) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူမှာ အသက် (၄၈) နှစ်အရွယ်ရှိ နော်ကပေါ်ထူးဖြစ်ပြီး အသက် (၁၅) နှစ်အရွယ် သမီးဖြစ်သူ နော်ထွေးထွေးအေးမှာ ဘယ်ခြေနှင့် ဘယ်လက်တို့အား လက်နက်ကြီးစထိမှန်ခဲ့ကာ အသက် (၆၆) နှစ်အရွယ် ရွာသား တီးအောင်ဇေယျမှာလည်း လက်နက်ကြီးစထိမှန်ခဲ့၍ အသက် အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

ဇွန်လ (၂၅) ရက်နေ့ကလည်း စစ်ကောင်စီတပ်များမှ ဝီယော်ကျေးနယ်အုပ်စုရှိ ထုံးဘိုလေးကျေးရွာအား မီးရှို့ဖျတ်ဆီး ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ထုံးဘိုလေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ကေအဲန်ယူ သထုံခရိုင်က ရေးသားဖော်ပြထားသည်။