ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊နဘုလယ်ဒေသ၊မူးဒူးရွာ က စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည်ကြီးသည့် ဦးရီစိန်မှာ ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

၎င်းအား နေ့လည် ၂ နာရီခွဲခန့်အချိန်က နေအိမ်အရှေ့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြစ် ၁၀ ချက် ကျော်ခန့်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။

“သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားရ တယ်” သေနတ်သံကြားရပြီးနောက် သွားကြည့်လိုက်တာ အသက် ၆ဝ ဝန်းကျင် သတင်းပေး ဒလန် ဦးရီစိန် ပစ်သတ်ခံရတယ်လို့သိလိုက်ရတယ်။ပစ်သတ်ခံရသူတော့နေရာမှာတင်ပွဲချင်းပြီး ဆုံးပါးသွားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ဦးရီစိန်မှာ ရပ်ထဲရွာထဲတွင် စစ်ကောင်စီတပ်သားများလာရောက်ပါက လမ်းပြအဖြစ်လိုက်ပါလေ့ရှိသူဖြစ်ပြီး ပျူစောထီးနှင့် သွေးသောက်အဖွဲ့များ၏ အစည်းအဝေးများတွင်လည်း ပါဝင်တက်ရောက်လေ့ရှိသူတစ်ဦးဖြစ်သည်ဟု ၎င်းကိုရင်းနီးသည့် ဒေသခံအချို့က ဆိုသည်။

ဒေသခံတော်လှန်ရေးအင်အားစုများအနေဖြင့် ဦးရီစိန် သေဆုံးမှုနှင့်ပတ်သတ်ပြီး သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။