ဧရာဝတီတိုင်းမ်
(ကလေး)၊ ဖေဖော်ဝါရီ ၂၉ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်၍ မြို့ပေါ်တွင် မော်တော်ယာဉ်များဖြင့် လှည့်လည်မှုများပြုလုပ်နေပြီး သေနတ်ဖြင့် ရမ်းသန်းပစ်ခတ် မှုများပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ကလေးမြို့ပေါ်အနီးတဝိုက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုအပါအဝင် ဒေသခံများကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား ခုနစ် ဦးအထိ သေဆုံးနေပြီဖြစ်ကြောင်းသိရသည်။
“မြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေ အပြင်မထွက်ရဲဘူး။ အရေးကြီးကိစ္စရှိမှ အပြင်ထွက်ကြတာ။ နေ့ခင်းဘက်မှာဆိုလည်း တိတ်ဆိတ်နေတယ်။ တချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ် းရှောင်နေကြပြီ။ တချို့ကတော့ အခုမှ ထွက်ပြေးတိမ်းရှောင်ဖို့ လုပ်နေတယ်။ ဂိတ်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်သွား၊ ဖြတ်လာလုပ်နေတဲ့ ဒေသခံတွေကိုလည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ မသင်္ကာရင် ပစ်တော့တာပဲ”လို့ ကလေးမြို့ပေါ်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကလေးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ကလေးမြို့အနီးတဝိုက်နှင့် ကလေးမြို့ပေါ်တွင် စစ်ရေးအရှိန်အဟုန်မြှင့်တင်၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်တွင် နေထိုင်ကြသော ဒေသခံများအနေဖြင့် ကြိုတင်ရှောင်တိမ်းကြရန် အသိပေးထားသည်။
ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်က အကြောင်းမဲ့ပစ်ခတ်၍ သေဆုံးသွားသော ဒေသခံ၏ဆိုင်ကယ်။
#ကလေးမြို့ #စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ် #ဒေသခံ၇ဦးသေဆုံး #နှစ်ဖက်စစ်ရေးတင်းမာ #ဒေသခံများမထွက်ရဲ #Ayeyarwaddy_Times