နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်

ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ရခိုင်တိုင်းလူငယ် ၁၅ ဦး အနက် အမျိုးသမီး ကိုး ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး လူငယ် ၅ ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း ဖမ်းဆီခံရသည့် လူငယ်များနှင့် နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးထားသည့် ရခိုင်လူငယ် ၁၅ ဦးအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က အမျိုးသမီး ကိုးဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသမီး တစ်ဦးနှင့် အမျိုးသား လေးဦးကို ဆက်လက်ဖမ်းဆီးထားသောကြောင့် မိသားစုဝင်များက စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်နေကြောင်းသိရသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရခိုင်လူငယ် ၁၅ ဦးအနက် မမိုးထက်သူ ၊ မစိုးမြင့်မော်၊ မချစ်ဆန်းခင်၊ မအေးချစ်တင်၊ မအေးသီတာ၊ မအေးချမ်းဝင်း၊ မဖြူဖြူစိုး၊ မချိုချိုသန်း နှင့် မစုလင်းရွှေတို့
ကိုးဦး ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ကိုဖြိုးထူးစံ၊ ကိုရဲဝင်းလှိုင်၊ ကိုဝင်းကျော်၊ ကိုဘိုစောဟိန်းနှင့် မခင်သန်းနွယ်တို့ ငါး ဦးကိုမူ ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးထားကြောင်း ပြန်လည်လွတ်မြောက်လာသူများ ထံကသိရသည်။

” အတူတူအဖမ်းခံရတယ်။ အတူတူ အစစ်ဆေးခံကြရတာဖြစ်ပြီး ဘာနိုင်ငံရေးနဲ့မှမပတ်သတ်ဘဲ အဖမ်းခံရတာ။ အခုပြန်လွှတ်တဲ့အထဲမှာ မပါလို့ သူတို့ရဲ့ မိသားစုဝင်တွေက စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းစစ်ဆင်ရေး နေရာတွေ ပို့ခံရမှာကို စိုးရိမ်နေကြတယ်” ပြန်လည်လွတ်မြောက်လာသူ မမိုးထက်သူနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ကာ ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေထိုင်သူ ရခိုင်လူငယ်များ အများအပြားရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်ချင်သည့် ရခိုင်တိုင်းရင်းသားလူငယ်များကို စစ်ကောင်စီက ဖမ်းဆီးနေခြင်းဖြစ်သည်။

“ရခိုင်လူငယ်အများအပြားကို ပြန်ခွင့်မပေးဘူး။ လေယာဥ်နဲ့ကော ကားနဲ့ပါ ပြန်တဲ့သူတွေကို ဖမ်းဆီးခေါ်ယူစစ်ဆေးတာတွေ လုပ်တယ်။ လေဆိပ်တွေ ကားဂိတ်တွေကနေ စောင့်ပြီး ဖမ်းဆီးခံထားရတဲ့သူတွေ အများကြီးရှိနေတယ်” ဟု ပြန်လည်လွတ်မြောက်လာသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပုံစာ-ပြန်လည်လွတ်မြောက်လာသူများ

#ရန်ကုန်မြို့ #စစ်ကောင်စီဖမ်းဆီး #ရခိုင်လူငယ်၁၄ဦး #အမျိုးသမီး၉ဦး #ပြန်လည်လွှတ်ပေး #၅ဦး ဆက်လက်ဖမ်းဆီး #Ayeyarwaddy_Times