ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲနှင့် နောင်ချိုအကြားရှိ နောင်ပိန်ရွာအနီးတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ကုန်ကား​များကို အခွန်ကောက်ခံနေကြောင်း ကုန်ကားမောင်းသူများထံက သိရသည်။

SSPP/SSA ထံ တစ်နှစ်စာအခွန်ပေးဆောင်ပြီးဖြစ်သော်လည်း ကုန်ပစ္စည်းများတင်ဆောင်ပြီး ဂိတ်ကိုဖြတ်မောင်းသည့် ကားများက်ို ထပ်မံ၍ အခွန်တောင်းယူကြောင်း ကုန်ကားမောင်းသူများကဆိုသည်။

“တစ်နှစ်စာ​ အခွန်ကောက်တာဆို​ပေမယ့် နောက်​အ​ခေါက်​တွေဖြတ်လို့ ခါလီဆိုရင် ထပ်မ​ကောက်ဘူး။ ကုန်ပါရင်ထပ်ကောက်ပြန်တယ်။ ပေးပြီးသားကို ထပ်ခါ ထပ်ခါ အခွန်တောင်းနေတော့ အတော်လေးဒုက္ခရောက်တယ်။ မပေးပြန်တော့လည်း ကျွန်တော်တို့​ဖြတ်မောင်းခွင့်မရှိပြန်ဘူး” ဟု ကုန်ကားမောင်းသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

SSPP/SSA သည် ၆ ဘီးကားတစ်စီးလျှင် ၃ သိန်း၊ ၁၀ ဘီးကားတစ်စီးလျှင် ၆ သိန်း၊ ၁၂ ဘီးကားတစ်တစီးလျှင် ၁၀ သိန်း​၊ တွဲကားတစ်စီးလျှင် ၁၅ သိန်းဝန်းကျင်အထိ အခွန် သတ်မှတ်ထားပြီး ကုန်ကားသမားများက နှစ်စဥ် ပေးသွင်းရကြောင်း သိရသည်။

ယခုလို ကုန်ကားများအား အခွန်များတောင်ယူမှုအပေါ် ရှမ်းပြည်တပ်မတော် (SSPP)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု၊ ဗိုလ်မှူးကြီး ဟန်ခမ်း၊ ဗိုလ်မှူး စိုင်းဖုန်းဟန်တို့ သုံးဦးကို ဧရာဝတီတိုင်းမ်သတင်းဌာကန ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

အလားတူ စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုချောင်းတံတာပေါ်တွင် စစ်ကောင်စီလက်အောက်အခံ ရှမ်းနီတပ်မတော် (SNA)တပ်ဖွဲ့ဝင်များမှ ဂိတ်နှစ်ခု ဖွင့်လှစ်ထားပြီး အခွန်ကောက်ခံမှုများလည်း ပြုလုပ်လျှက်ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံက သိရသည်။

ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထိန်းချုပ်ထားသည့် နယ်မြေများတွင် လက်နက်ကိုင်အဖွဲ့များက နယ်မြေဒေသအလိုက် အခွန်ကောက်ယူမှုများရှိသလို စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့် နယ်မြေများတွင်လည်း အခွန်ကောက်ယူများရှိနေကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ရှမ်းမြောက် သီပေါမြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်- SSPP/SSA နဲ့ စစ်ကောင်စီတပ်တို့ နားလည်မှု ယူထားကြပြီး မြို့တွင်း အခွန်များကောက်ခံနေကြောင်း ရှမ်းမြောက်ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-SSPP

#SSPPထံ #တစ်နှစ်စာ #အခွန်ပေးဆောင် #ကုန်ကားများ #SSPP #ထပ်မံ #အခွန်ကောက် #ကုန်ကားသမားများအခက်တွေ့ #Ayeyarwaddy_Times