ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရမည့်ကို စိုးရိမ်သဖြင့် ဒစ်ဂျစ်တယ် ကိုယ်ရေးမှတ်ပါဝင်သော Smart Card ပြုလုပ်သူများလာ‌ကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်မှုထမ်း ဥပဒေကို အတည်ပြုခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ညပိုင်းအချိန် သွားလာနေသူများကို ဖမ်းဆီးနေခြင်းကြောင့် Smart Card ပြုလုပ်ရန်စိတ်ဝင်စားသူများလာကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

“ကျွန်တော်တို့နားမှာ ( ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိရပ်ကွက်) နှစ်ပတ်တစ်ကြိမ်လာလုပ်တယ် ။ မှတ်ပုံတင် မိတ္တူပါရင်ကိုရပြီ ။ သူတို့ဆီမှာ အချက်အလက်က ရှိပြီးသား​တွေ။ တစ်ခုခုလွဲတာကို ကျပ် ၂၅၀၀၀ လောက်ပေးလိုက်ရုံနဲ့ရပြီ။ အခုက တစ်နေရာသွားရင်စစ်ဆေးတာများလွန်းလို့ Smart Card စာရွက်ထောင်ပြလိုက်ရင် ကြည့်တောင်မကြည့်တော့ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်မြို့ အဝင် အထွက်ဂိတ်များအပါအဝင် မြို့ထဲအတွင်း သွားလာနေစဥ် စစ်ဆေးခံရခြင်းများရှိပါက Smart Card စာရွက်ထုတ်ပြလိုက်လျှင် အဆင်ပြေကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

စစ်ကောင်စီသည် ယခင်ကတည်းကရှိသော ပန်းခင်းလမ်းစီမံချက်ဖြင့် မှတ်ပုံတင်မရှိသူများကို မှတ်ပုံတင်ပြုလုပ်ပေးနေပြီး မှတ်ပုံတင်ရှိသူများကို Smart Card ပြောင်းလဲပေးနေကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။

” ညဘက် တက္ကစီဆွဲနေတာဆိုတော့ တစ်ခုခုဖြစ်ရင်ပြရလွယ်အောင် Smart Card လုပ်ထားလိုက်တာ။ မှတ်ပုံတင်နဲ့ smart card ထဲက မွေးသက္ကရာဇ်တော့မတူဘူး။ လဝကက အမှားအတိုင်းလုပ်မလားမေးတော့ အဲဒီအတိုင်းပဲလုပ်လိုက်တာ။ ကျန်တာတော့တူတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ‌ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ e-Government စနစ်အကောင်အထည်ဖော်ရာတွင် အခြေခံဖြစ်သော e-ID စနစ်အကောင်အထည်‌ဖော်သည့်အနေဖြင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူသည့် လုပ်ငန်းနှင့်တွဲ၍ တစ်ပြိုင်နက်တည်း ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

e – ID စနစ်တွင် ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကို Database တွင်သိမ်းဆည်း၍ Unique ID နံပါတ် ဂဏန်း (၁၀) ပါဝင်သော Smart Card ထုတ်ပေးခြင်းဖြစ်သော်လည်း မှားယွင်းမှုများစွာရှိကြောင်း Smart Card ပြုလုပ်ထားသည့် စစ်ကောင်စီလရ်အောက်ခံ Non CDN ဝန်ထမ်းများထံက သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရန်ကုန်မြို့ #smartcard #မှတ်ပုံတင်လဲသူများပြား #စစ်ကောင်စီ #ဖမ်းဆီး #Ayeyarwaddy_Times