ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
ဧရာ၀တီတိုင်းမှ တစ်ဆင့် ရခိုင်ပြည်နယ်သို့ ကုန်စည်များ ပို့ဆောင်ခွင့်ကို စစ်ကောင်စီက ခွင့်မပြုတော့ကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။
စက်သုံးဆီ၊ ဆန်နှင့် စားသောက်ကုန်များ အပြင် အသီးအရွက်များကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခွင်မပေးတော့ခြင်းဖြစ်ကြောင်း သိရသည်။
” ပိတ်တယ်ဆိုလဲ တရား၀င်စာထုတ်ပေါ့ ၊ ခုက စစ်ဆေးရေးဂိတ်ရောက်မှ ရခိုင်ဘက်ဆိုပို့မရဘူး ဆိုတော့ ကုန်ပစ္စည်းသယ်တဲ့လူတွေရော ကုန်သည်တွေရောအကုန်နစ်နာတယ်” ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖေဖော်ဝါရီလ အစပိုင်းက သာပေါင်းမြို့နယ် အတွင်းရှိ ရခိုင်ရိုးမအစပ်တွင် ရခိုင်ပြည်နယ်ဘက်သို့ သွားရောက်မည့် ကုန်တင်ယာဥ်တစ်စီးနှင့် စက်သုံးဆီးယာဉ်တစ်စီးအား ရခိုင့်တပ်တော် AAကို ထောက်ပံသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
ဧရာ၀တီတိုင်းအတွင်းမှ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ငရုတ်ကောင်း၊မော်တင်ကမ်းခြေများတွင် စစ်ကောင်စီတပ်သားများက တင်းကြပ်စွာ စစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်းများက်ို AAမှသိမ်းယူနိုင်ခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ တတိယပတ်က စတင်၍ ကုန်စည်ပို့ဆောင်ခွင့်ကို ပိတ်ထားခြင်းဖြစ်ပြီး သယ်ယူသည့် ကားများကိုလည်း ဖမ်းဆီးနေကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှသိရှိရသည်။
#ဧရာ၀တီတိုင်း #ရခိုင် #ကုန်စည်များပို့ဆောင်ခြင်းကို #စစ်ကောင်စီကခွင့်မပြု #Ayeyarwaddy_Times