ဧရာဝတီတိုင်းမ်
(မွန်)၊ ဖေဖော်ဝါရီ ၂၈ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက်အစောပိုင်းအချိန်က မိုးကောင်းကျေးရွာရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားတစ်ခုလုံးပျက်စီးသွားကြောင်း သိရသည်။
ရန်ကုန်-မော်လမြိုင်-ထားဝယ်၊ ရန်ကုန်-ဘားအံ-မြဝတီ အဝေးပြေး လမ်းမပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခဲ့ရသည့်အတွက် ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး အဆိုပါ မိုင်းခွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရခြင်းမရှိသေးပေ။
“တံတားကလုံးဝပျက်စီးသွားတယ်။ ကားကြီးတွေကပိတ်နေတယ်။ ကားသေးတွေကတော့ မိုးကောင်းရွာထဲကနေ ပတ်သွားလို့ရတယ်။ မနက်အစောပိုင်းမှာ မိုင်းခွဲခံလိုက်ရတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းခွဲခံရမှုကြောင့် အလျား ၃၇ ပေ၊ အကျယ် ၄၈ ပေရှိ မိုးကောင်းတံတားပြိုကျပျက်စီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် မည်သည့်ဘက်ကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို အတိအကျသိရခြင်း မရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။
ထိုသို့ မိုင်းခွဲမှုဖြစ်စဉ်ကြောင့် ပြည်သူများအနေနှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို တတ်နိုင်သမျှရှောင်ရှားရန်နှင့် သွားလာရာတွင်လည်း အထူးဂရုစိုက်ကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက သတိပေး ပြောဆိုထားသည်။
ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဘီလင်းမြို့နယ်ရှိ ကျုံအိတ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး လာရောက်ကြည့်ရှု့သည့်အရာရှိများပါ တိုက်ခိုက်ခံခဲ့ရပြီး အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ် ဦးသေဆုံးခဲ့ကာ ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#သထုံ #မိုးကောင်းတံတား #မိုင်းခွဲခံရ #ကားလမ်းပိတ်ဆို့ #Ayeyarwaddy_Times