
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၉ ရက်
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။
မင်းတပ်မြို့နယ်၊ လှေးကောင်းကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက် ၇ နာရီခန့်က စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် စိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသည့် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
“မြို့ထဲ စစ်တပ် တပ်ရင်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ဖြစ်ပါတယ်။ ရွာအနီးနား ပတ်ဝန်းကျင်မှာ လက်နက်ကျည် ရှစ်လုံးလောက် ကျရောက်ပေါက်ကွဲသွားတာ ဖြစ်တယ်။ ဝဥ စိုက်ခင်း အလုပ်လုပ်နေတဲ့ ကလေးနှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာရတယ်။ လူနေအိမ် တစ်လုံး ပျက်စီးသွားတယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိခိုက်ဒဏ်ရာရသည့် ကလေး နှစ်ယောက်သည် အသက် ၁၆ နှစ်အရွယ် နှင့် အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး နှစ်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ငရှောင်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် နှစ်လုံး ပျက်စီးမှု ဖြစ်ပွါးခဲ့သည်။
မင်းတပ်မြို့ရှိ ခလရ (၂၇၄) မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယခုလအတွင်း ကျေးရွာဖက်များသို့ ဝင်ထွက်သွားလာနေကြသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများနှင့် ပြည်သူများကို ဖမ်းဆီးပြုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)က အသိပေးထားသည်။
ဓာတ်ပုံ – ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်ကောင်စီ၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရသည့် အမျိုးသား တစ်ဦး။
#ချင်းပြည် #မင်းတပ်မြို့ #စစ်ကောင်စီ #လက်နက်ကြီးရမ်းသမ်းပစ်ခတ် #ကလေးနှစ်ဦးဒဏ်ရာရ #လူနေအိမ်ပျက်စီး
#Ayeyarwaddy_Times