နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံး၊ ဆီဆိုင်နှင့် လွိုင်လင်မြို့နယ်ရှိ ကျေးရွာပေါင်း ၁၂၀ ကျော်မှ ဒေသခံပြည်သူများ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး လက်ရှိတွင် ၎င်းတို့အတွက် လုံခြုံသည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)နှင့် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ မဟာမိတ်အဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစ တင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ လက်ရှိတွင် စစ်ရှောင်ဦးရေ ၉၄၃၀၀ နှင့်အထက် ရှိလာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် လတ်တလောတွင် တိုက်ပွဲမဖြစ်သေးသော နီးစပ်ရာ ကျေးရွာများ၊ ဒေသများနှင့် တောတောင်များထဲသို့ တိမ်းရှောင်နေကြသလို တချို့ကမူ အခြေအနေပေါ် မူတည်၍ အိမ်ပြန်လိုက်၊ တိမ်းရှောင် လိုက် ပြုလုပ်ကြကြောင်း သိရသည်။
“အဓိကအခက်အခဲကတော့ အရေးပေါ်လုံခြုံတဲ့ နေရာထိုင်ခင်း၊ အရေးပေါ်စားနပ်ရိက္ခာနဲ့ တကိုယ်ရည်သုံးပစ္စည်း အရေးတကြီး လိုအပ်နေပါတယ်။ မြို့ပေါ်ကို ရှောင်ရင်လည်း စစ်ကောင်စီက ပေါ်တာဆွဲမှာ ကြောက်ကြ၊ စိုးရိမ်ကြ တယ်။ PNA ပြည်သူ့စစ်က စစ်သားစုဆောင်းကြမှာကို စိုးရိမ်နေကြတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲ ဖြစ်ပွားသည့်နေ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး (၈၀၈) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂၉၃) ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၁၂ လုံး၊ အရပ်သား နေအိမ် ၉၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကျန်းမာရေးမကောင်းတဲ့ လူတွေအတွက်တော့ တော်တော်ခက်ခဲနေတယ်။ အဓိကကတော့ ဆေးဝါးလက်လှမ်း မှီမှု အားနည်းတာတွေပေါ့။ ဒီဆီဆိုင် တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းမှာပဲ လက်နက်ကြီးသံတွေကြောင့် နှလုံးရောဂါ အခံရှိတဲ့ အရပ်သးတဦး သေဆုံးခဲ့တယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အပြင် အဆိုပါတိုက်ပွဲကာလအတွင်း အရပ်သား ၄၀ ဦး သေဆုံး၍ ၅၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အရပ်သား ၁၃ ဦးကိုမူ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ဘေးရှောင်များထဲတွင် ကိုယ်ဝန်ဆောင် မိခင်များလည်း ပါဝင်နေပြီး လက်ရှိ၎င်းတို့ ရောက်ရှိနေသည့် စစ် ရှောင်နေရာ၌ တတ်သိသော အရပ်လက်သည်များ၊ နီးစပ်ရာ ဆေးခန်းများတွင် ကလေးမွေးဖွားမှုများ ရှိနေသော် လည်း အများစုသည် အရပ်လက်သည်များဖြင့်သာ မွေးဖွားကြကာ ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
“ရေပြဿနာလည်း အတော်ခက်ခဲနေတယ်၊ ရေကို တော်တော်လေးကို ချွေတာပြီးတော့ သုံးစွဲနေသလို တကယ် လို့ စစ်ရှိန်ကာလ ထပ်ကြာမြင့်နေရင် လာမယ့်ဒီနွေရာသီမှာ စစ်ဘေးရှောင်အတွက် သုံးစွဲသောက်သုံးရေ ရနိုင်ဖို့က ပိုမို ခက်ခဲလာမယ်” ဟု PYO တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် နှစ်ဖက်စစ်ရေး တင်မာလျက်ရှိပြီး တိုက်ပွဲများလည်း ဖြစ်ပွါးနေကာ တိမ်းရှောင်နေရသည့် နေရာ ပေါင်းစုံက ပြည်သူများကိုလည်း လက်လှမ်းမီသမျှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေကြောင်း PNLA ပြော ရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓာတ်ပုံ- PNLA
#ဟိုပုံးဆီဆိုင် #လွိုင်လင် #စစ်ဘေးရှောင် #စားနပ်ရိက္ခာ #တစ်ကိုယ်ရည်သုံးပစ္စည်းများ #အရေးပေါ်လိုအပ် #Ayeyarwaddy_Times