နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြို့ဒင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီတပ်က သံဃာတော် တစ်ပါး အပါအဝင် ဒေသခံ နှစ် ဦးကို သေနတ် ဖြင့် ပစ်သတ်ခဲ့ပြီး လူနေအိမ် ၁၀ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က မြို့ဒင်ကျေးရွာနေ ဦးလှထွန်း အသက် (၅၈) နှစ် ၊ သဲဖြူချောင်ကျေးရွာနေ ကိုဝင်းမင်းထွန်း အသက် (၃၈)နှစ် နှင့် ပြည်သာအေးကျေးရွာရှိ အဘယာရာမ စိတ္တသုခ ဘုန်းကြီးကျောင်းမှ သံဃာတော် ဘဒ္ဒန္တဝံသ ဝါတော် (၄၅) ဝါ ၊ သက်တော် (၇၉)နှစ် တို့ကို သေနတ်ဖြင့် ပစ်သတ်၍ စုစုပေါင်း အိမ်ခြေ ၁၀ လုံးတို့ကိုပါ မီးရှို့ဖျက်ဆီးသွား ကြောင်းသိရသည်။

“မနေ့က နေ့လယ် လောက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာ။ မြို့ဒင်ရွာက တစ်ယောက်၊ သဲဖြူရွာက စိတ်ဝေနာရှင် တစ်ယောက်နဲ့ စိတ္တသုခကျောင်းက ဘုန်းကြီး တို့ကိုပါ သေနတ်နဲ့ပစ်သတ်သွားတာ။ ကျေးရွာတွေကို စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ရွာ တွေကိုဝင်တာ။ စစ်ကြောင်းနှစ်ကျောင်း ပြန်စုံတဲ့အချိန် အဘယာရာမရာမ စိတ္တသုခ ကျောင်းမှာ ခဏဝင်နေသွားတဲ့စစ်သားတွေက ဘုန်းကြီးကိုပစ်သတ်သွားတာ” ဟု မတ္တရာရှိ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင် စီတပ်များတွင် မန္တလေးနန်းတွင်း၌ စစ်သင်တန်း တက်ရောက်ကာ သင်တန်းဆင်း လာသည့် ပျူစောထီးအဖွဲ့နှင့် မတ္တရာမြို့နယ် ရေနံသာကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။

“ သူတို့(စစ်ကောင်စီတပ်)က ကိုင်းကြီးရွာ၊ မြစ်ကမ်းရွာ၊ ဆည်ရွာ၊ ပြည်သာအေးရွာ၊ မြို့ဒင်ရွာတွေထဲကို ဝင်လာတာ။ ပြည်သူတွေကို သေနတ်နဲ့ ပစ်သတ်တဲ့အပြင် ရွာတွေက ဆိုင်ကယ်တွေနဲ့ ကားတွေကိုလည်း လုယူသွားတယ်။ ကားတွေကိုတော့ ညမိုးချုပ်တဲ့ အချိန်မှာ ပြန်လာပေးပြီး ရွာတွေထဲကဆိုင်ကယ် ၁၅ စီးလောက်ကိုတော့ ယူသွားတယ်။ လူနေအိမ် ၁၀ လုံးနဲ့ တဲ နှစ်လုံးကိုပါ မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံက ဆက်လက်ပြောကြားသည်။

မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့် အဆိုပါ စစ်ကြောင်းသည် ဒေသခံလေးဦးကိုပါ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆည်မြောင်း အမှတ် (၄) ရေပြွန်စပ်တွင် ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-
ပုံ(၁)စစ်ကြောင်းထိုးဝင်ရောက်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပုံ(၂)စစ်ကောင်စီတပ်ဝင်ရောက်တည်းခို့သည့်ဘုန်းကြီးကျောင်း၊ ပုံ(၃)ပစ်သတ်ခံရ၍သေဆုံးသွားသည့် သံဃာတော်၊
#မတ္တရာမြို့နယ် #ကျေးရွာများ #စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #သံဃာတော်၁ပါး #ဒေသခံ၂ဦး #ပစ်သတ် #နေအိမ်၁၀လုံး #မီးရှို့ #Ayeyarwaddy_Times