ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ လေယာဉ်နှင့် လာရောက် ပို့ဆောင်ရာတွင် ရက္ခိုင့်တပ်တော် (AA) ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကို ခံရပြီး စစ်ကောင် စီတပ်မှ သေဆုံးနှင့် လက်နက်ခဲယမ်းများဆုံးရှုံးခဲ့ရသည့်အတွက် စစ်တိုင်းမှူးနှင့် ဒကစမှူးတို့ သွားများ နှင့် နှာခေါင်းရိုးများ ကျိုးသည်အထိ ထိုးကြိတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဧရာ၀တီတိုင်း၊ ကျုံပျော်အခြေစိုက် ခလရ-၃၆ တပ်ရင်းနှင့် အမ်းမြို့ အခြေစိုက် ခမရ-၃၇၃ တပ်ရင်းများမှ လက်ကျန်အင် အားများ စုပေါင်း၍ လက်နက်ခဲယမ်းများတင်ဆောင်ကာ ရဟတ်ယာဉ် လေးစင်းဖြင့် ခုနစ် ကြိမ် တိုင် ရမ်းဗြဲမြို့သို့ စစ်ကူပို့ရာတွင် ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက် ခဲယမ်းများ ဆုံးရှုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် စစ်တိုင်းမှူး (နပခတိုင်းမှူး) ဗိုလ်ချုပ် ထင်လတ်ဦးနှင့် စစ်တွေမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၊ ဒကစမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်တို့ အငြင်းပွားရာမှ အပြန်အလှန် ထိုးကြိတ် တိုက်ခိုက်ကြရာ ဗိုလ်ချုပ်ထင်လတ်ဦးမှာ သွားကျိုးသွားပြီး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်မှာ နှာခေါင်းရိုး ကျိုးသွား ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“နှစ်ယောက်လုံးက DSA မှာ ကျောင်းအုပ်နဲ့ နည်းပြချုပ် အဖြစ်အတူတွဲလုပ်ဖူးတယ်။ ကျောင်းတော်ကရန်စတော့မဟုတ်ဘူး။ ၂၀၂၂ မှာ ဗိုလ်ချုပ်ထင်လတ်ဦးက တိုင်းမှူး အဖြစ်ရောက်လာကတည်းက ဒကစမှူး လုပ်ရမယ့်အလုပ်တွေပါ စီမံနေတာမို့ ဗိုလ်မှူးချုပ် ဆန်းဌေးမောင်က စစ်တွေဒကစမှူးအဖြစ် ရောက်လာပြီးချိန် ကတည်းက ငြိနေတာ။ အခုရမ်း‌ဗြဲကိစ္စနဲ့ပတ်သက်ပြီး ထထိုးကြတာ” ဟု တပ်တွင်း သတင်းရင်း မြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဗိုလ်ချုပ်ထင်လတ်ဦး၏ အမ်းအခြေစိုက် တပ်ရင်းများ ရမ်းဗြဲသို့ စစ်ကူပို့ရာတွင် သေဆုံးခဲ့သည့်အပြင် လက်နက်များ ဆုံးရှုံးရသည့် ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် ဆွေးနွေးရာတွင် ယခုကဲ့သို့ ထိုးကြိတ် ကြခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တွေသို့ပြောင်းရွှေ့လာစဉ် ကတည်းက စစ်တွေဗန္ဓုလ ရိပ်သာတွင် အထိုင်ချနေထိုင်ပြီး ဒကစမှူးပြုလုပ်ရမည့် စစ်ရေးစီစဉ်ညွှန်ကြားမှုများကိုပါ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်ကို လုပ်ပိုင်ခွင့်မပေးဘဲ စီစဉ်ညွှန်ကြားမှုများကို လုပ်ဆောင် နေခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ထိုးကြိတ်မှုဖြစ်စဉ်ဖြစ်ရသည်မှာလည်း ဗိုလ်မှူးချုပ်ဆန်းဌေးမောင်က ၎င်းလုပ်ဆောင်ရမည့် တာ၀န်များကို လုပ်ကိုင်တတ်ခြင်းမရှိ၍ ဗိုလ်ချုပ်ထင်လတ်ဦးက ၀င်ရောက်လုပ်ကိုင်ပေးနေရာမှ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟုဆိုကာ အပြစ်တင် လွှဲချရင်း ထိုးကြိတ်သတ်ပုတ်ကြခြင်းဖြစ်သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူထံက သိရသည်။

နှာခေါင်းရိုးကျိုးသွားသည့် ဗိုလ်မှူးချုပ်ဆန်းဌေးမောင်မှာ အလုပ်သင်အပတ်စဉ် (၂၆) ဆင်းဖြစ်ပြီး ဗိုလ်ချုပ်ထင်လတ်ဦးမှာ စစ်တက္ကသိုလ် (၃၆) ဆင်းဖြစ် ကာ စစ်တက္ကသိုလ်တွင် ကျောင်းအုပ်နှင့် နည်းပြချုပ် ရာထူးများကို အတူ တွဲဖက် လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ်ဆန်းဌေးမောင်ကို အထက်အရာရှိအား ပြန်လှန်ထိုးကြိတ်မှုဖြင့် စစ်ဆေးရန် နေပြည်တော်သို့ခေါ်ဆောင် သွားကြောင်း ကြားသိရသော်လည်း ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။

ပုံစာ- ပုံ(၁)ဌာနချုပ်စစ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပုံ(၂)စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်
#ရမ်းဗြဲ #လက်နက်များAAထံရောက်ရှိ #တိုင်းမှူး #ဒကစမှူး #ထိုးကြိတ် #Ayeyarwaddy_Times