ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ် စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၇ရက် မနက် ၁နာရီ ၄၅မိနစ်ခန့်တွင် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင်တပ်တော် (AA) က ထုတ်ပြန်ထားသည်။

အဆိုပါလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့‌ေကြာင်း သိရသည်။

ထို့အပြင် မင်းဖူးဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိ‌ကြောင်း AA ကထုတ်ပြန်ထားသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မင်းပြား၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ တိုင်းဗဟို (၉ ) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို AA ကထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် အတွက် မင်းပြားတစ်မြို့နယ်လုံးကို AA က ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မင်းပြားတစ်မြို့နယ်လုံးကို လက်လွှတ်လိုက်ရသည့်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ရှောင်ရှားထွက်ပြေးရန်မလွယ်သည့် မနက်အစောပိုင်းအချိန်ကို ရွေး၍ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပုံစာ- စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းဖူးဆေးရုံမြင်ကွင်း
#မင်းပြားမြို့ #မင်းဖူးဆေးရုံ #စစ်ကောင်စီ #ဂျက်ဖိုက်တာ #ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy-Times