ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဖေဖော်ဝါရီ ၂၇ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ မိုညိုတန်းရပ်ကွက်ရှိ စစ်ကောင်စီလက် အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စရဖရုံးဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ရှိကာ အုတ်ဖိုမြို့နှင့် အနီးတဝိုက်ရှိ‌ ဒေသခံများကို ဖမ်းဆီးနှိပ်စက်နေသည့် စစ်ကြောရေးစခန်းတစ်ခုဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ရုံးဝင်းအတွင်းရှိ ဝန်ထမ်းများနေထိုင်ရာ သစ်သားအိမ်နှင့် လက်နက်များထားရှိထားသည့် ရုံးခန်းတစ်ဝက် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

“မီးလောင်တာက မီးလောင်ဗုံးကြောင့်လို့သိရတယ်။ သေချာတော့မသိရသေးပေမယ့် အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတာလို့သိရတယ်။ သုံးယောက်ထိသွားတယ်လို့ ဒေသခံတွေနဲ့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရတယ်။ မီးလောင်တာကလည်း စခန်းထဲထိကို ဗုံးသွား ထားရတယ်။ ဓာတ်ဆီတွေလောင်းရတာလည်းရှိတယ်လို့ သိရတယ်။ သူတို့ဘက်က လူတွေရှိပြီး မသိတာက အိပ်ပျော်နေတယ်လို့ယူဆတယ်။ နောက်ပြီး ကျန်တဲ့သူတွေက စစ်ကြောရေးလုပ်တဲ့ အဆောင်ဘက် ရောက်နေတယ်လို့လဲ သိရတယ်” ဟု သာယာဝတီ ခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီးလောင်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးစာရေး တစ်ဦး၊ နယ်မြေခံ စရဖအရာရှိတစ်ဦး၊ စခန်းတာဝန်ခံဗိုလ်ကြီး တစ်ဦးတို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့များက မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းသာသိရပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းကိုမူ ဧရာ၀တီတိုင်းမ် သတင်း ဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“ဗုံးပေါက်ကွဲသံကြားပြီးမှ မီးလောင်တာ။ မီးလောင်တော့ အုတ်ဖိုမီးသတ်၊ သာယာဝတီ မီးသတ်၊ လက်ပံတန်းမီးသတ်တွေကနေ မီးလာငြိမ်းကြတယ်။ သတင်းလဲဖုံးခိုင်း ထားတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အုတ်ဖိုမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် စခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
#အုတ်ဖို #စရဖရုံး #စစ်ကြောရေး #မီးလောင်ဗုံး #တိုက်ခိုက်ခံရ #တော်လှန်ရေးတပ်ဖွဲ့ #Ayeyarwaddy_Times
Boost