ဇလပ်ဖြူ/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်း ဖေဖော်ဝါရီ ၂၆ရက်နေ့မှ စတင်ကာ စစ်ရေးအရှိန်မြှင့်တင်တော့မည်ဖြစ်ပြီး မြို့ထဲနေပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်တိမ်းကြပါရန်ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာ ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အပေါ် အမှားအမှန် ဝေဖန်နေကြသူများ ရှိနေသော်လည်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောကြားသည်။

“၂၁ ရက်နေ့ညကစပြီး ပုံမှန်မဟုတ်တဲ့ လက်နက်ကြီးသံ ၊သေနတ်သံတွေကြားရတယ်။ ဒီနေ့တော့ တစ်မြို့လုံး ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ မြို့ထဲမှာစကစ တပ်သားတွေကရမ်းသမ်းပြီး မြင်တာပစ်နေကြတာ။ လက်နက် ကြီးသံတွေလည်း တောက်လျှောက် ကြားနေရတယ်။ ပြေးတဲ့လူလည်းပြေးကြတယ်”ဟုကလေးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညမှစတင်ကာ ကြို့သုံးပင်၊မွန်းလိုင်၊ တာဟန်း၊ တောင်ဖီလာ စသည့်နေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးထိမှန်သေဆုံးသည့် ကလေးမြို့ဒေသခံအရပ်သား ၁၀ ဦးထက်မနည်းရှိပြီဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ တစ်မြို့လုံး ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့နေပြည်သူများ အပြင်မထွက်ရဲဘဲ မိမိနေအိမ်တွင် အလုံခြုံဆုံးဖြစ်အောင် စီမံနေထိုင်နေရပြီး ဖေဖော်ဝါရီ ၂၇ရက်နေ့ ယနေ့ နံနက်တွင်လည်း ဆိုက်တွဲအငှားယာဥ်မောင်းသူတစ်ဦးကို စမ်းမြို့ဘုန်းကြီးကျောင်းရှေ့တွင် စစ်ကောင်စီက ပစ်သတ်လိုက်ကြောင်း သိရသည်။

ပုံစာ – ကလေးမြို့တွင်းအခြေနေ
#ကလေးမြို့ #မြို့တွင်းတိုက်ပွဲ #စစ်ကောင်စီပစ်ခတ် #အရပ်သားသေဆုံး #သတိပေးထုတ်ပြန် #စစ်ကိုင်းတိုင်း #Ayeyarwaddy_Times