မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

စစ်ကောင်စီက ရှမ်းမြောက်ရှိ မြို့နယ်များကို လက်လွှတ်လိုက်ရပြီး နောက် ယင်းမြို့နယ်များတွင် အခြေစိုက်ထားသည့် တပ်ရင်း၊ တပ်ဖွဲ့များ၏ စစ်အင်္ဂါစဉ် အပြီးတိုင်ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်ရှိ ကိုးကန့်တပ်မတော် ( MNDAA) ၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ် (AA) မဟာမိတ်ညီနောင်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ ရှမ်းမြောက်ရှိ စစ်ကောင်စီစိုးမိုးထားသည့် မြို့နယ်များကို သိမ်းပိုက်ခဲ့ရာ ဇန်နဝါရီ ၄ ရက်နေ့တွင် ၎င်းတို့ ရည်မှန်းချက်ဖြစ်သည့် လောက်ကိုင်ဒကစ တစ်ခုလုံးကို ရရှိခဲ့ပြီးနောက် စစ်ကောင်စီ၏ စစ်အင်္ဂါစဉ်လုံး၀ ကွယ်ပျောက်သွားကြောင်း သိရသည်။

စစ်ကောင်စီက လောက်ကိုင်ဒကစကျပြီးနောက် ဒကစမှူး အသစ် ထပ်မံခန့်အပ်ခဲ့သေး သော်လည်း ၎င်းကို ရုံးထိုင်ပေးမည့်နယ်မြေမရှိသည့်အတွက် ‌လောက်ကိုင်ဒကစ တစ်ခုလုံးကို ဖျက်သိမ်းလိုက်ပြီး စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ် စကခ-၁ နေရာသို့ ပြောင်း ရွှေ့လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထို့အပြင် သိမ်းဆည်းခံထားရသည့် ကုန်းကြမ်းနှင့် လောက်ကိုင်တို့မှ ကုန်းကြမ်း ခလရ- ၁၂၂ နှင့် လောက်ကိုင် ခမရ-၃၂၂ တို့ကို ပူးပေါင်း၍ ကျောက်မဲတွင် တပ်စခန်းသစ် ပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။

စစ်ရေးအပြင်းအထန်ဖြစ်ပွားခဲ့သည့် နောင်ချိုတွင်လည်း ခမရ-၁၇ နှင့် ညံခွမ်းတပ်မ-၁၂၉ တို့ကို ပူးပေါင်းလိုက်ပြီး ကွမ်းလုံ ခလရ-၂၃၉ နှင့် နမ့်လန် ခလရ-၂၄၃ တို့ကိုလည်း ပူးပေါင်းခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ပါစင်ကျော်ရှိ ခလရ-၁၂၈ ကိုလည်း နောင်ချိုရှိ တပ်ရင်းတစ်ခုနှင့် ပူးပေါင်း၍ နမ့်ဆလပ်ရှိ တပ်ရင်းများကို စကခ-၁၆ လက်အောက်ခံသို့ ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက မဟာမိတ်တပ်ဖွဲ့နှင့် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ဆွေးနွေးပွဲ ပြုလုပ်ကာ ယာယီ အပစ်အခတ်ရပ်စဲပြီးနောက် လားရှိုးနှင့်ကျောက်မဲတို့ ဘက်မှ TNLA တပ်များရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သေးသည်။

ယခုနောက်ပိုင်းတွင်မူ ပစ်ခတ်မှုများရပ်စဲလိုက်ပြီးနောက် လားရှိုးနှင့် ကျောက်မဲ၊ နောင်ချို ဘက်သို့ စစ်ကောင်စီက တပ်အင်အားများ ဖြန့်ကျက်လျက်ရှိပြီး လက်နက် ခဲယမ်းများလည်း တပ်ရင်းများသို့ ပို့ဆောင် မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ- ရှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲခဲ့သည့် မဟာမိတ်ညီနောင်သုံးဖွဲ့မှ တာဝန်ရှိသူများ

#ရှမ်းမြောက် #စစ်ကောင်စီ #စစ်အင်္ဂါစဉ်ပျောက်ကွယ် #Ayeyarwaddy_Times