နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ရက်

စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်သို့ လေကြောင်းမှဗုံးကြဲခြင်း၊ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို နေ့စဉ်နီးပါး ပြုလုပ်နေ၍ ဒေသခံများကို ဘေးလွတ်ရာနေရာများကို ပြောင်းရွှေ နေရာချထားပေးကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီက ထိုကဲ့သို့ လုပ်ဆောင်နေခြင်းများအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့ပေါ်ရှိ လူနေအိမ်များကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) က ဦးဆောင်၍ ယခုဖေဖော်ဝါရီလ တတိယပတ်တွင် ဒေသခံများကို လွတ်မြောက်နေရာများသို့ ကယ်ထုတ် ရွှေပြောင်း ပေးခဲ့ကြောင်း သိရသည်။

“ကော့ကရိတ်မြိုပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို ပစ်မှတ်ထားလာတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူတာတွေ လူနေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေနဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးချနေလို့ မြို့ပေါ်နေ ဒေသခံတွေကို ထိခိုက်မှုမရှိရအောင် ပြောင်းရွှေပေးခဲ့တာပါ” ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကော့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်နှင့်ခြေမြန်တပ်များ ဖြစ်ကြသည့် ခလရ -၉၇ ၊ ခလရ -၃၄၃၊ ခလရ-၅၄၈၊ ခမရ -၂၀၇၊ ခမရ ၂၀၁ နှင့် ခမရ ၂၀၃ တပ်များက အထိုင်ချနေရာယူထားပြီး ဒေသခံများ၏ နေအိမ်များတွင်ပါ ဝင်ရောက်တပ်စွဲနေထိုင်ခြင်းများ လုပ်ဆောင်နေကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ် စခန်းချထားသည့် ဝင်းတာပန်စခန်းက ထွက်လာသော ခမရ-၄၀၉ မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့က နောင်ကတုတ် ချောင်းအနီးရှိ ဒေသအခေါ် (ပနာ့ကွီး) ရွာအနီးရှိ ဝင်းတာပန် အထက်ရွာနေ ကိုစောချဝေါ် အသက် (၃၃) နှစ်ကိုလည်း သေနတ်နဲ့ ပစ်ခတ်ကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ကရင်အမျိုးသားအစည်းအရုံး

ပုံစာ-စစ်ကောင်စီက ပစ်ခတ်၍ ဒဏ်ရာ ရရှိခဲ့သည့် ကိုစောချဝေါ်
ပုံစာ- ကော့ကရိတ်မြို့ပေါ်ရှိ အိမ်များကို စစ်ကောင်စီက ဝင်ရောက်ဖောက်ထွင်းထားပုံ
#ကော့ကရိတ်မြို့ #စစ်ကောင်စီ #ဖျက်ဆီးမှုများပြုလုပ် #KNUဦးဆောင် #ဒေသခံများ #ဘေးလွတ်ရာပြောင်းရွှေ့ #Ayeyarwaddy_Times