ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီ ၂၇ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပိုက်တေကျေးရွာအနီးတွင် တပ်စွဲထားသော ချင်းအမျိုး သားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်၏ တပ်စခန်းကို ရက္ခိုင့် တပ်တော်(AA) နှင့် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် လာရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားကြောင်းသိရသည်။
အဆိုပါတိုက်ပွဲသည် ၁ နာရီခန့်ကြာမြင့်၍ CNA ဘက်မှ နှစ်ပွင့်အဆင့် ဗိုလ်ဗသိန်း အပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း လေး ဦးကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်သုံးဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ကြားကာလ မရာကောင်စီထံက သိရသည်။
အလားတူ AA နှင့် MDF ဘက်မှ AA တပ်ဖွဲ့ဝင် သုံးဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ထက် မနည်းကျဆုံးကြောင်းသိရပြီး ဒဏ်ရာရရှိသူများပြားကာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်က လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရ မိခဲ့ကြောင်း သိရသည်။
“အရင်ကတည်းက ကျွန်တော်တို့ ညှိနှိုင်းထားတာတော့ ရှိတယ်။ ဒါပေမယ့် လုံးဝအဆင်မပြေတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ ချင်းအသိုင်းအဝန်းနဲ့ ပူးပေါင်းပြီးမှ ကျွန်တော်တို့က တော်လှန်ရေးလုပ်ချင်တာ။ သူတို့(MDF)က ချင်းကို လက်မခံဘူး။ နောက်ပြီးတော့ သူတို့ သီးသန့်ရပ်တည်ပြီးတော့ ရက္ခိုင့်တပ်တော်နဲ့ ပူးပေါင်းချင်တယ်။ သူတို့က မရာဒေသကို ပြည်နယ်တောင်းချင်တယ်လို့ ပြောကြတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ မရာမှာ အကြီးအကျယ်သဘောထားကွဲတယ်။ တော်လှန်ရေးကာလ ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ချင်းအသိုင်းအဝန်းနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်မရာ လူမျိုးအတွက် ရသင့်ရထိုက်တဲ့ဟာမျိုးကိုတော့ ရမှာပဲဆိုပြီးတော့ တိုက်ပွဲဝင်တယ်။ စစ်ကောင်စီကို တိုက်ကြတယ်။ သူတို့အရင်က စစ်ကောင်စီကို မတိုက်ဘူး။ မရာဒေသမှာ သူတို့လက်ချက်ကြောင့် ပစ်သတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဆိုတာ မရှိသေးဘူး” ဟု ကြားကာလမရာကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ကိုဂျိမ်းက ဧရာဝတီ တိုင်းမ်ကို ပြောသည်။
အာဏာသိမ်းပြီးနောက် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)သည် ရက္ခိုင့်တပ်တော် (AA) ထံတွင် စစ်သင်တန်းတက်ရောက်ခဲ့ကာ လက်နက်ခဲယမ်း ထောက်ပံ့မှုများ ရရှိထားပြီး ချင်းပြည်နယ်၊ မရာဒေသတွင် ဖြစ်ပွားသော မရာအချင်းချင်းပြဿနာတွင် မရာ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ AA ပါဝင်လာခြင်းဖြစ်သည်။
မတူပီမြို့နယ်၊ မရာဒေသတွင် မရာအချင်းချင်းဖြစ်ပွားခဲ့သော ပြဿနာသည် ပလက်ဝမြို့နယ်အထိ ကျယ်ပြန့်လာပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ဆယ်ဂဏာန်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။
“နောက်ပိုင်းမှာ သူတို့က AA ကို ခေါ်လာပြီးတော့ စစ်ဆင်ရေးလာလုပ်တာ ကျွန်တော်တို့လည်း နားမလည်နိုင်ဘူး။ လုံးဝလည်း လက်မခံဘူး။ ရခိုင်ပြည်နယ်မှာ သူတို့က လှုပ်ရှားမှုအများကြီးရှိတယ်။ အဲ့ဒါကို ပလက်ဝဘက်မှာရှိတဲ့ မရာဒေသကို ခေါ်လာပြီးတော့ ဒီပုံစံနဲ့ စစ်ဆင်ရေးလာထိုးတာကတော့ ကျွန်တော်တို့အတွက် အင်မတန် မကောင်းတဲ့ အရာပဲလို့ ကျွန်တော်ကတော့ မြင်တယ်” ဟု ကိုဂျိမ်းက ဆက်လက် ပြောကြားသည်။
လက်ရှိဖြစ်ပွားနေသော မရာအချင်းချင်းပြဿနာသည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)နှင့် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)ဟူ၍ နှစ်ဖွဲ့ကွဲပြီးနောက် သဘောထား မတိုက်ဆိုင် မှုများကြောင့် ထိတွေ့မှုတချို့ရှိခဲ့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ၊ ပထမပတ်မှ စတင်ကာ နှစ်ဘက်တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်တိုက်ပွဲကာလ တစ်လကျော်ကြာမြင့်နေသော်လည်း တိုက်ပွဲအခြေအနေနှင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများကိုမူ လက်ရှိအချိန်အထိ နှစ်ဖက်စလုံးမှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိပေ။
မရာကာကွယ်ရေးတပ်ဖွဲ့နှင့် AA တို့ စစ်ရေးအရ မဟာမိတ်အဖြစ်ပူးပေါင်းမှုကို လက်ခံသော်လည်း AA အနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း၏ ပြဿနာတွင် စစ်ရေးအရ ပါဝင်လာမှုအပေါ် ချင်းပြည်သူများက လိုလားမှုမရှိကြောင်း သိရသည်။
ပုံစာ-ကျဆုံးသွားသည့် CNA မှ ဒုဗိုလ်ဗသိန်း
#ပလက်ဝမြို့နယ် #ချင်းကာကွယ်ရေးပူးပေါင်းတပ် #ရက္ခိုင့်တပ်တော်AA #မရာကာကွယ်ရေးတပ်ဖွဲMDF #တိုက်ပွဲဖြစ်ပွား #နှစ်ဖက်ထိခိုက်ကျဆုံးမှုများပြား