
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
တစ်ကျော့ပြန်နှစ်သောင်းတန်ကောလာဟလကြောင့် ငွေဈေးနှင့်ဒေါ်လာဈေးတက်ကြောင်းစစ်ကောင်စီဆိုသော်လည်း ဈေးကွက်အတွင်းမည်သူမှမသိကြောင်း ဒေါ်လာအရောင်းအဝယ်လုပ်သူများ ထံက သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကမြင့်တက်လာသော ပြည်တွင်းရွှေဈေးနှုန်း နှင့် အမေရိကန်ဒေါ်လာဈေးအပါအဝင် ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ဈေးများသည် ယနေ့ ညနေပိုင်းဈေးပိတ်တွင် ဈေးအမြင့်တွင်သာရှိကြောင်း ဒေါ်လာအရောင်းအဝယ်လုပ်သူက ဆိုသည်။
ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၉ သိန်းဖြင့်ဈေးဖွင့်ပြီး ညနေဈေးပိတ်ချိန်တွင် ၃၉ သိန်းခုနစ်ထောင်ဖြင့် ဈေးပိတ်ကြောင်း သိရသည်။
ထို့အတူ အမေရိကန်ဒေါ်လာဈေးနှုန်းသည်လည်း တစ်ဒေါ်လာလျှင် ၃၆၆၀ ကျပ်ဖြင့်ဈေးဖွင့်ပြီး အပိတ်ဈေးတွင် ၃၆၆၅ ကျပ်ဖြစ်ကြောင်း ဈေးကွက်အတွင်းက သိရသည်။
“သူတို့ထုတ်ပြောလေ ဈေးပိုတက်နေလေပဲ။ အရင်တစ်ခါက နှစ်သောင်းတန်ထွက်မယ့်သတင်းတက်ပြီးထဲက ဈေးတွေပြန်မကျတော့တာ။ ဈေးထက်တင်ချင်နေတာလား ဘာလုပ်တာလဲမသိဘူး။ ဈေးတွေကတော့ အရင်တစ်ပတ်ထဲက တက်နေတာ။ ပိုက်ဆံတွေထုတ်ချင်နေ တာလားမသိဘူး ” ဟု ဒေါ်လာဈေးနှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ ဗဟိုဘဏ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်တွင် မတ်လအတွင်း ကျပ်နှစ်သောင်းတန်များထွက်ရှိမည့်သတင်းကြောင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေးများလည်း အလွန်မြင့်တက်နေသည့် သတင်းများထွက်ပေါ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရားဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ (သို့မဟုတ်) ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို ခြောက်လအတွင်း ကိုင်ဆောင်ခွင့်ရှိသည့်အချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။
“ဒီအချိန်မှာ ကောလာဟလ သတင်းတွေများပြားနေတဲ့အချိန်မှာ အချိန်ကိုက် ဒါကို ငွေရေး ကြေးရေးဈေးကွက် မတည်မငြိမ်ဖြစ်အောင် ဘဏ်တွေနဲ့ကိစ္စတွေ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီးထုတ်လွှင့်တာပဲဖြစ်ပါတယ် ” ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆိုသော်လည်း အဆိုပါဂယက် နှင့် ပတ်သက်၍ စျေးကွက်အတွင်း သိရှိကြခြင်း မရှိပေ။
စစ်ကောင်စီသည် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကို အထိမ်းအမှတ်အနေဖြင့်သာ ထုတ်ဝေမည်ဟု ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ကြေညာထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#နှစ်သောင်းတန် #သတင်းထက်မံထွက်ပေါ် #ရွှေဈေး #ဒေါ်လာဈေးတက် #Ayeyarwaddy_Times