ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကမ်းနီရှိ အမှတ်(၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၉) ကို ရက္ခိုင့်တပ်တော် (AA) က အပြင်းအထန် ထိုးစစ်ဆင်၍ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်လိုက်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက်နေ့က ကမ်းနီရှိ တတက(၉)ကို AAက အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့ ၉ ရက်မြောက်နေ့တွင် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ကမ်းနီရှိ အမှတ်(၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း၏ မီတာ ၁၀၀၀ ပတ်လည်တွင် ပိတ်ဆို့၍ ညတိုက်ပွဲများပါ ဆင်နွှဲခဲ့သည့်အတွက် စစ်ကောင်စီက လေကြောင်းပစ်ကူများပါ တောက်လျှောက် အသုံးပြုခဲ့ကြောင်း သိရသည်။

“မီတာ ၁၀၀၀ ပတ်လည် ထိုင်ပြီးကို အချခံနေရတာလို့ သိထားတယ်။ တိုက်ပွဲက ညတွေပါမနားဘူး။ ဆုတ်ခွာစစ် မသုံးတာက ဆုတ်စရာကို မြေမရှိဘူး။ အခု ညနေ ၄ နာရီမှာ ကျောင်း ကျသွားပြီကြားတယ်။ AA ကလုပ်မယ့် ၄ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် တပ်ရင်းမှူး၊ တပ်မမှူးတွေ သတင်းမှန် မြန်မြန်လေး တင်ပြဖို့ တော့လိုမယ်။ မဟုတ်ရင် အနှပ်ခံနေရမယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီ၏ စစ်စခန်းနှင့် တပ်ရင်းအားလုံးကို AA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ယခုနောက်ဆုံးကျန်ရှိနေသော မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာအနီး အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

AA သည် မင်းပြားမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ-၃၈၀ တပ်ရင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ရက္ခိုင့်တပ်တော် (AA)က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့က မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၃၇၉ နှင့် ခမရ ၅၄၁တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက AA ထံ လက်နက်ချအညံ့ခံခဲ့ကြပြီး မင်းပြားမြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် AA က ယခု သိမ်းပိုက်ခဲ့သည့် ကမ်းနီရွာရှိ အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းသားများ၊ အရာရှိ မိသားစုဝင်များနှင့် တပ်မိသားစုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က Mi- 17 ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မင်းပြားတစ်မြို့နယ်လုံးကို AA ကသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ကမ်းနီရွာရှိ တတက-၉ ကို သိမ်းပိုက်နိုင်သည့်အတွက် မကွေးနှင့် စေတုတ္တရာတို့ရှိ တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းရန် လမ်းပွင့်သွားပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုသည်။

#မင်းပြားမြို့ #ကမ်းနီရွာ #စစ်ကောင်စီ #တတက၉ #AAထိုးစစ်ဆင်သိမ်းပိုက် #Ayeyarwaddy _Times